ရွှေဘိုမြို့နယ်အတွင်း ဟိုတယ်နှင့်ဧည့်ရိပ်သာ အပါအဝင် နေအိမ်နှင့်လုပ်ငန်း (၂၀)ကျော်ကို PDF နှင့် ပတ်သက်၍ဟုဆိုကာ အာဏာသိမ်းအဖွဲ့က နိုင်ငံတော်ပိုင်အဖြစ် သိမ်း

ရွှေဘိုမြို့နယ်အတွင်း ဟိုတယ်နှင့်ဧည့်ရိပ်သာ အပါအဝင် နေအိမ်နှင့်လုပ်ငန်း (၂၀)ကျော်ကို PDF နှင့် ပတ်သက်၍ဟုဆိုကာ အာဏာသိမ်းအဖွဲ့က နိုင်ငံတော်ပိုင်အဖြစ် သိမ်း
အောက်တိုဘာ 29, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ဧည့်ရိပ်သာများ၊ လူနေအိမ်များနှင့် လုပ်ငန်းများ စုစုပေါင်း (၂၀)ကျော်ကို  PDF နှင့် ပတ်သက်၍ဟုဆိုကာ အာဏာသိမ်းအဖွဲ့က နိုင်ငံတော်ပိုင်သိမ်းပြီး ချိတ်ပေးလိုက်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၅)ကစပြီး   စံတင်ဟိုတယ်၊ ကောင်းဧည့်ရိပ်သာ အပါအဝင် လူနေအိမ်နှင့် လုပ်ငန်းများ စုစုပေါင်း (၂၀)ကျော်ကို အာဏာသိမ်းစစ်တပ်၏ စရဖ နှင့် ရဲများက ဗီနိုင်းများလိုက်လံချိတ်ဆွဲပြီး ချိတ်ပိတ်လိုက်သည်ဟု သိရသည်။

"ကျွန်တော် သိရတာကတော့ စစ်ကိုင်းတိုင်းထဲမှာ ရွှေဘိုက (၂၀)ကျော် ချိတ်ပိတ်ခံရတယ်။ ဝက်လက်မြို့မှာတော့ ကိုယ်ပိုင်ကျောင်းရော၊ အိမ်တွေရော စတိုးဆိုင်ရော (၅)နေရာလောက် ချိတ်ပိတ်တယ်လို့ ကြားတယ်၊ လူတွေကို ဘဝပျက်အောင်ကို လုပ်တော့တာပဲဗျာ"ဟု ရွှေဘိုဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

နေအိမ်များရှေ့တွင် ဗီနိုင်းပိုစတာဖြင့် "ဤမြေနေရာနှင့်အဆောက်အဦးသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင် သိမ်းဆည်းမည်ဖြစ်သည်။ 'မကျူးကျော်ရ ရောင်းဝယ်ခြင်း မပြရ' "ဟု ရေးသားပြီး  ချိတ်ဆွဲထားခဲ့သည်ကို တွေ့ရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့တွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း နှင့် ဦးညွှန့်ဌေး(ခိုင်သဇင် စတိုး)တို့၏ နေအိမ်များ အပြင် ဟေမာန်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် သန်းသန်းဌေး စတိုးဆိုင်တို့ကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သွားသည်ဟု သိရသည်။

 

ဆက်စပ်သတင်း

PDF နှင့် ပတ်သက်၍ဟုဆိုကာ ဝက်လက်မြို့နယ်မှ နေအိမ်(၃)လုံး နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ စတိုးဆိုင်တို့ကို အာဏာသိမ်းစစ်တပ်က ချိတ်ပိတ်