မွန်ပြည်ဟံသာဝတီ (အသစ်) ပြန်လည်ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ကြရန် မွန်လူထုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ တိုက်တွန်း

မွန်ပြည်ဟံသာဝတီ (အသစ်) ပြန်လည်ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ကြရန် မွန်လူထုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ တိုက်တွန်း

စစ်ကောင်စီ အင်အားနည်းလာချိန်တွင် မွန်တော်လှန်ရေးအင်အားစုများက အဆုံးသတ်တိုက်ပွဲ ဆင်နွှဲမည်ဖြစ်သောကြောင့် မွန်အမျိုးသားထုတရပ်လုံး မိမိတို့ကျရာ အခန်းကဏ္ဍတွင် ဆထက်တိုးပြီး မွန်ပြည်ဟံသာဝတီ (အသစ်) ပြန်လည်ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ၂၀၂၄ ခုနှစ် မေလ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ မေလ (၃၀) ရက်နေ့တွင်ကျရောက်သည့် ၂၆၇ နှစ်မြောက် မွန်ဟံသာဝတီ ပျက်သုဉ်းနေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီကို အဆုံးသတ်တိုက်ပွဲဆင်နွဲသွားပြီး မွန်ပြည်သစ်ထူထောင်မည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်းဘောင်မင်းဆက် မြန်မာဘုရင် အလောင်းမင်းတရားကြီးခေါ် အောင်ဇေယျမှ မွန်တို့၏ ဟံသာဝတီ နေပြည်တော်ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်နေ့ဖြစ်ပြီး ယနေ့တွင် (၂၆၇) နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ပြီး ထိုစဉ်အခါတွင် ရဟန်းသံဃာတော်များ အပါအဝင် ကလေးငယ်များမကျန် သန်းပေါင်းများစွာသော မွန်လူမျိုးများ လူမျိုးတုံး သတ်ဖြတ်ခြင်း ခံခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်သော မွန်တို့၏ စာပေ ကျမ်းဂန်များနှင့် မြို့ရွာများလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာဧကရာဇ်များနှင့် အာဏာရှင် အဆက်ဆက်မှ မွန်လူမျိုးတို့ကို ဖိနှိပ်ပြီး ယခုအချိန်အထိ မီးလောင်တိုက်သွင်းနေသည်မှာ ပြီးခဲ့သည့် ဓမ္မသရွာဖြစ်စဉ်က သက်သေပြနေကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် အနာဂတ်မွန်ပြည် တည်ဆောက်ရေးအတွက် နိုင်ငံရေး ဦးဆောင်မှု ပေးနိုင်ရန် ပြင်ဆင်ကြိုးပမ်းနေပြီး သမိုင်းကြောင်းအရ မွန်ပြည်နယ်နိမိတ်အတွင်း အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် တော်လှန်ရေး အင်အားစုများနှင့်လည်း ပူးပေါင်းသွားမည် ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Mon State Defense Force - MSDF