ခိုလမ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးကို ပခုက္ကူတွင် တော်လှန်ရေးတပ်က ဖမ်းဆီး

ခိုလမ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးကို ပခုက္ကူတွင် တော်လှန်ရေးတပ်က ဖမ်းဆီး
စက်တင်ဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် မိသားစုကိုလာခေါ်သည့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့က ဖမ်းဆီးရမိထားကြောင်း Royal Defence Force ထံမှ သိရသည်။ 

ဖမ်းဆီးရမိသည့် တပ်ကြပ်ကြီးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှဖြစ်ပြီး တော်လှန်ရေးတပ်များက သတင်းကြိုတင်ရရှိသဖြင့် ​ပခုက္ကူမြို့နယ် အင်ပင်ရွာအနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"ရှမ်းပြည် ခိုလမ်ဘက်မှာ တာဝန်ကျတာ။ အဲဒါသူ့မိသားစုကိုလာခေါ်တာ။ သတင်းကြိုရလို့စောင့်ဖမ်းတာဗျ။ မိသားစုတည်နေရာတော့မသိဘူးဗျ။"ဟု Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

အင်ပင်ရွာ၏ တောင်ဘက်တွင် စစ်ကောင်စီတပ် ကာကင်းစခန်းရှိပြီး ၎င်းတပ်ကြပ်ကြီးသည် အဆိုပါကာကင်းစခန်း ရွာမြောက်ဘက်တွင်ရှိသည်ဟုဆိုကာ ထွက်စောင့်ရာက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရ သည်။ 

"လက်နက်ခဲယမ်းတွေတော့ မပါဘူးဗျ။ သူက အရပ်သားပုံဖမ်းလာတာဗျ။ သူရဲ့စစ်မှုထမ်းသက်က(၂၆)နှစ်ဗျ။"ဟု ၎င်းကဆက်ပြောသည်။

တော်လှန်ရေးတပ်က စစ်ကောင်စီကင်းစခန်းရှိရာ အင်ပင်ရွာအခြေသို့ ကပ်လျက်စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကို စစ်ဆေးမေးမြန်းနေဆဲဟု သိရသည်။ 

အဆိုပါတပ်ကြပ်ကြီးမှာ မည်သည့်တပ်ရင်းမှဖြစ်ကြောင်းနှင့် မည်သို့အရေးယူထားသည်ကိုမူ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အခက်အခဲကြောင့် မေးမြန်းခွင့်မရခဲ့ပါ။

#TachileikNewsAgency