ပဲခူးတိုင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှုဖြစ်နေချိန် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က ရပ်ကွက်များအတွင်းဝင်ရောက်ကာ လူငယ်(၃၀)ဦးထက်မနည်း ပေါ်တာဆွဲခေါ်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်က သောက်ရေခပ်ဆည်၊ ခပေါင်းဆည်နဲ့ ပသိဆည်တို့ကို ဖောက်ချနေသဖြင့် အောက်တိုဘာလ (၃)ရက်နေ့တွင် ရေပြန်လည်မြင့်တက်လာပြီး ကျေးရွာတချို့ ရေနစ်မြုပ်နေချိန် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များ၌ မီးဖြတ်ကာ ပေါ်တာလိုက်ဆွဲခြင်းဖြစ်ကြောင်း သိရသည်။
“ထီးလှိုင်ရပ်ကွက်မှာဆိုရင် ဆရာမသား ငယ်ငယ်လေးရှိသေးတယ်။ အဲဒီကလေးလည်း ပါသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သူတို့က လူရှာခိုင်းတာပေါ့နော်။ လွန်ခဲ့တဲ့ တစ်လကျော်၊ နှစ်လလောက်က အုပ်ချုပ်ရေးမှူးတွေက မရှာပေးနိုင်တော့ တစ်ရက်ကွက်ကို သိန်း(၃၀)ပေးရမယ်ဆိုပြီးတော့ ပြောတယ်။ အုပ်ချုပ်ရေးမှူးတွေက လူလည်းမရှာနိုင်၊ ငွေလည်းမပေးနိုင်တော့ သူတို့ကိုယ်တိုင်ဆင်းပြီးဖမ်းနေတာ။ ည(၈)နာရီနောက်ပိုင်းဆို တောင်ငူရပ်ကွက်တွေမှာ လူတစ်ယောက်မှ မရှိတော့ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်က တောင်ငူမြို့ပေါ်တွင် ပေါ်တာဆွဲနေခြင်းကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် အဝေးသင်တက်ရန် ရောက်လာသည့် ကျောင်းသားများမှာလည်း ညအချိန် အပြင်မထွက်ရဲဖြစ်နေကြသည်ဟု ဆိုသည်။
“ညကဆို ကောင်လေး(၂)ယောက် ထီးလှိုင်ရပ်ကွက်ကို ည(၁၀)နာရီဝန်းကျင်အပြန် ဆိုင်ကယ်ရော လူပါ ကားပေါ်တင်ခေါ် သွားတယ်။ ဒီမနက် မိဘတွေက အမှတ်(၂)ရဲစခန်းမှာလိုက်ထုတ်တာ မရဘူး။ ရဲမှူးကိုယ်တိုင်က သူလည်း မတတ်နိုင်ဘူး။ စစ်တပ်က ဖမ်းတာဆိုတော့ သူတို့လည်းမကူနိုင်ဘူးပြောတယ်။ အရင်ဆို အခုလိုအဝေးသင်အချိန် စျေးရောင်းကောင်းတာ။ အခုက အဝေးသင်သမားတွေလာလည်း မထွက်ရဲကြတော့ စျေးလည်းရောင်းမကောင်းဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တောင်ငူမြို့ပေါ်၌ စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်နှင့် ဆရာမများက သန်းခေါင်စာရင်း လိုက်လံကောက်နေပြီဟုလည်း သိရသည်။
#TachileikNewsAgency
Photo : စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် အစောပိုင်းကာလများတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့စဉ် (ပုံဟောင်း)