စစ်ကောင်စီတပ်က ပေါ်တာဆွဲ၍ တပ်သားသစ် စုဆောင်းခံရသူတစ်ဦး မြိုင်ပကဖ တပ်ရင်း(၁)ထံ လက်နက်ခဲယမ်းနှင့်အတူ ခိုလှုံလာသည်ဟု သိရသည်။
စစ်ကောင်စီတပ်က ပေါ်တာဆွဲ၍ တပ်သားအဖြစ် စုဆောင်းခံရသူ ကိုမျိုးမင်းအောင်သည် ၂၀၂၅ ခုနှစ် မတ်လ (၁)ရက်နေ့တွင် ၎င်းကိုင်ဆောင်သော MA-1 တစ်လက်၊ MA ကျည် (၆၀)တောင့်၊ ကျည်ဘောက် (၃)ခုဖြင့် မြိုင် ပကဖ ထံ အလင်းဝင်လာသည်ဟု ဆိုသည်။
ကိုမျိုးမင်းအောင်သည် ကားမောင်းသည့်အလုပ် လုပ်ကိုင်နေစဉ် စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)က စစ်ကိုင်းတံတားတွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလက ပေါ်တာဆွဲခံရ၍ ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)ထံ ပို့ဆောင်ခံခဲ့ရသည်ဟု သိရသည်။
ထို့နောက် တပ်မ(၁၀၁)မှ ထွက်ပြေးလာခဲ့ပြီးနောက် မြိုင်ပကဖ တပ်ရင်း(၁) တပ်ခွဲ(၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။
လက်နက်နှင့်အတူ အလင်းဝင်လာသော ကိုမျိုးမင်းအောင်အား ဆုငွေ ကျပ်သိန်း(၃၀) ပေးအပ်ချီးမြှင့်ကာ လွတ်မြောက်နယ်မြေရှိ မိသားစုထံ လုံခြုံဘေးကင်းစွာ ပို့ဆောင်ပေးထားသည်ဟု သိရသည်။
#TachileikNewsAgency
Photo:Myaing Garuda People's Defense Force