စေတုတ္တရာမြို့နယ် ပျူစောထီးစခန်းအနီးတွင် ခရီးသည်တင်ကားနှစ်စီး ပစ်ခတ်ခံရပြီး အရပ်သား ၄ ဦးသေ

စေတုတ္တရာမြို့နယ် ပျူစောထီးစခန်းအနီးတွင် ခရီးသည်တင်ကားနှစ်စီး ပစ်ခတ်ခံရပြီး အရပ်သား ၄ ဦးသေ

မကွေးတိုင်း စေတုတ္တရာမြို့နယ် ကူတော်ရွာ ပျူစောထီးစခန်းအနီးတွင် ခရီးသည်တင်ကားနှစ်စီး ပစ်ခတ်ခံရပြီး အရပ်သား (၄)ဦး သေဆုံးသွားသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ဧပြီလ (၃)ရက်နေ့ ည(၉)နာရီကျော်က ကူတော်ရွာ ပျူစောထီးစခန်းအနီးတွင် ငဖဲမြို့နယ်ဘက်မှ စေတုတ္တရာမြို့နယ်သို့ ပြန်လာသည့် အရပ်သားကားနှစ်စီးမှာ ကူတော်ရွာပျူစောထီးစခန်းနှင့် အောက်ဝေါရွာအကြားတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“တော်လှန်ရေး အဖွဲ့တွေလို့ထင်သလား ဒါမှမဟုတ် ကန့်သတ်ချိန်ဖြစ်နေလို့လားတော့မသိပါဘူး။ စစ်ကြောင်းထိုးနေတဲ့အချိန်နဲ့လည်း တိုးခဲ့တာပါ။”ဟု စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက Tachileik News Agency ကို ဧပြီလ (၆)ရက်နေ့တွင် ပြောသည်။

အဆိုပါနေရာသည် ပျူစောထီးအင်အားများစွာရှိသည့်နေရာဖြစ်သည့်အပြင် စစ်ကောင်စီတပ်ကလည်း အင်အား(၃၀)ဝန်းကျင်ဖြင့် ဧပြီလ(၁)ရက်ကတည်းက တောင်ပိုင်းတစ်ကြောကို နယ်မြေရှင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဧပြီလ (၃)ရက်နေ့တွင် မွန်ဇော်ရွာပြင် ဇရပ်၌ တပ်စွဲနေခြင်းရှိပြီး ညပိုင်းများတွင်လည်း ကင်းလှည့်၍ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်သည်ဟု သိရသည်။

“သေဆုံးသူ အမည်ကိုတော့ အတိတကျတော့ မသိပါဘူး။ ၄ ယောက်သေတယ်ကြားတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာဆိုတော့ ကျွန်တော်တို့က နောက်တန်းမှာပဲ ရှိနေတယ်။”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှာ တပ်မ(၈၈)ဖြစ်ပြီး အရပ်သားကားကို ပစ်ခတ်သည့်တပ်ဖွဲ့ မှာ ၎င်းတပ် သို့မဟုတ် ပျူစောထီးများက ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်က ပစ်တာလား ပျူရွာက ပစ်တာလား မသိပါဘူးဗျ။ ပျူရွာနဲ့က အတော်နီးနေတယ်။ သေဆုံးသူတွေကို သူတို့ မြို့မဆေးရုံကို သယ်ကြတယ်လို့ကြားပါတယ်။ ည ၉ နာရီခန့်နေမယ် ပစ်သံကြားတယ်လို့ ပြည်သူက ကျွန်တော်တို့ဆီ သတင်းပို့တယ်။ သိပ်မကြာဘူး ၁၀ မိနစ်လောက်နေလောက် မြို့မရဲစခန်း Page ကနေ PDF က တိုက်ခိုက်တယ်လို့ သတင်းလွှင့်တော့တာပဲ။”ဟု ၎င်းကပြောသည်။

စေတုတ္တရာမြို့မရဲစခန်းက ဖော်ပြချက်တွင် အောင်နိုင်ကုန်း ဘုန်းကြီးကျောင်းမှ ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်သဖြင့် ယာဉ်မောင်း အမျိုးသား နှစ်ဦးနှင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးတို့ သေဆုံးသည်ဟု ဆိုသည်။

ထို့အပြင် ကျောင်းတိုက်ဆရာတော်နှင့် မယ်တော်အပြင် ယာဉ်ပေါ်ပါလာသူ (၁၀)ဦးခန့် ဒဏ်ရာရသည်ဟု PDFတပ်ကို စွပ်စွဲဖော်ပြသည်။ 

“ကျွန်တော်တို့က ဘယ်လို သွားကြည့်လို့ရမလဲ။ စစ်ကြောင်းလည်းရှိနေတယ်။ ပျူအင်အားအပြည့်ရှိနေတဲ့ ရွာနားလည်းဖြစ်နေတယ်လေ။ ဘယ်လိုမှ ကပ်ဖို့မလွယ်ပါဘူး။”ဟု စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါကိစ္စကြောင့် ပြည်သူများအနေဖြင့် မနက်(၅)နာရီနှင့် ည(၇)နာရီအတွင်းသာ သွားလာကြရန် စေတုတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။

 

“ပြောချင်တာက ပြည်သူတွေ ခုအလိုကာလမှာ ခရီးသွားလာခြင်းကို ညနက်ရင် မသွားစေချင်ဘူးဗျ။ စကစ က အကုန်ညှာမှာမဟုတ်ဘူး။ သူတို့တွေ စစ်ရေး နိုင်ငံရေး ရှုံးလာတာနဲ့ ပြည်သူကို ဓားစာခံ လုပ်ဖို့ ဝန်မလေးဘူးဆိုတာ အခြားဒေသတွေကြည့်ရင် သိနိုင်ပါတယ်။”ဟု ၎င်းက သတိပေးသည်။

စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရန် ဧပြီလ(၂)ရက်နေ့မှ (၂၂)ရက်နေ့အထိ အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း လေကြောင်းမှဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးခြင်းများ ဆက်လက်လုပ်ဆောင်နေသည်။

#TachileikNewsAgency