အာဏာသိမ်း စစ်ကောင်စီအား လေယာဉ်ဆီ တင်သွင်း ရောင်းချပေးနေသည့် ကုမ္ပဏီ (၃)ခုကို အမည်ပျက်စာရင်းသွင်း

အာဏာသိမ်း စစ်ကောင်စီအား လေယာဉ်ဆီ တင်သွင်း ရောင်းချပေးနေသည့် ကုမ္ပဏီ (၃)ခုကို အမည်ပျက်စာရင်းသွင်း
ဖေဖော်ဝါရီ 24, 2022 | အခြားဒေသများ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအား လေယာဉ်ဆီတင်သွင်း၊ ရောင်းချပေးနေသည့် ကုမ္ပဏီ(၃)ခုကို အမည်ပျက်စာရင်းသွင်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ဖေဖော်ဝါရီလ (၂၄)ရက်တွင် ထုတ်ပြန်လာသည်။

အဆိုပါလုပ်ငန်းများမှာ Yangon Aerodrome ကုမ္ပဏီ (Subsidiary of Asia World Group)၊ Asia Sun Energy (PUMA Engrgy ကုမ္ပဏီ၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ)၊ မြတ်မေတ္တာမွန်ကုမ္ပဏီတို့ကို အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်သည်။

၎င်းကုမ္ပဏီများသည် အာဏာသိမ်းစစ်အုပ်စုက ရဟတ်ယာဉ်ဖြင့် ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့တွင် လေယာဉ်ဆီအဓိက ပံ့ပိုးသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

မြတ်မေတ္တာမွန်ဂရုပိုင်ရှင်မှာ ဦးဝင်းမြင့် ဆိုသူဖြစ်ပြီး မြန်မာနိုင်ငံစက်သုံးဆီအသင်း၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူဖြစ်ကာ ကြံ့ဖွံ့ပါတီ၏ အမတ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ 

စစ်ကောင်စီကို လေယာဉ်ဆီပံ့ပိုး‌နေခြင်းကြောင့် ဇန်နဝါရီလ(၄) ရက်နေ့က တာမွေမြိုနယ်ရှိ မြတ်မေတ္တာမွန်(MMTM) ဆီဆိုင်ကို တော်လှန်ရေးအဖွဲ့အစည်းများက ဗုံး ပေါက်ခွဲတိုက်ခိုက်ခဲ့သေးသည်။