ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲပိတ်ဆို့ တိုက်ခိုက်ခံရ

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲပိတ်ဆို့ တိုက်ခိုက်ခံရ

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း (၁၈) ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲပိတ်ဆို့ တိုက်ခိုက်ကြောင်း TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေနံချောင်းမြို့နယ်၊ ယာကြီးပြင်အင်တောလမ်းပေါ်သို့ ခလရ (၇၇)တပ်မှ စစ်တပ်၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား (၅၀)ခန့်သည် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး စက်တင်ဘာလ (၂၃)ရက်နေ့ ညနေပိုင်းတွင် မကျီးကန်အုပ်စုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းထိမှန်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ကုက္ကိုခွရွာ၊ ကန်လေးကုန်းရွာနှင့် ကြွယ်ပုံရွာတို့တွင် (၁၅)ရက်ကြာ ညအိပ်စခန်းချနေထိုင်စဉ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာစဉ် ထပ်မံ မိုင်းဆွဲပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း TAMAR MYAY Special Column - တမာမြေအထူးလှုပ်ရှားစစ်ကြောင်း က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား TAMAR MYAY Special  Column(တမာမြေအထူးလှုပ်ရှားစစ်ကြောင်း)၊ People's Defence Force -Yenangyaung (YNG-PDF) နှင့် အင်တောတိုက်နယ် (ပကဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: TAMAR MYAY Special Column တပ်ဖွဲ့ဝင်များ (ပုံဟောင်း)