မင်းကင်းမြို့နယ်တွင် ပျူစောထီးစစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း ပျူစောထီး နှစ်ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

မင်းကင်းမြို့နယ်တွင် ပျူစောထီးစစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း ပျူစောထီး နှစ်ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်တွင် ပျူစောထီးစစ်ကြောင်းနှင့် စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး ပျူစောထီး (၂)ဦးအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ထံမှ သိရသည်။

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၏ ကင်းထောက်တပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့ နေ့လယ်ပိုင်းတွင် မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းများကို တူးဖော်ရှင်းလင်းနေစဉ် မင်းရွာခေါ် (ပျူစောထီးရွာ)မှ စစ်တပ်နှင့် ပျူစောထီးများပါဝင်သော စစ်ကြောင်းရောက်ရှိလာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျူစောထီးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးအား အရှင်ဖမ်းဆီးရရှိခဲ့ကာ နင်းမိုင်း (၅)လုံးကိုလည်း တူးဖော်သိမ်းဆည်းနိုင်ခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှ ဆိုသည်။

တစ်ချိန်တည်းတွင် မင်းကင်းတောင်လက်ဒေသတွင်လည်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၏ Drone တပ်စိပ် Eagle-1မှ တင်ဘက်ရွာ ပျူစောထီးစခန်းကို Drone ဖြင့်တိုက်ခိုက်ရာ ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) အဖွဲ့သည် မင်းကင်းနယ်မြေအတွင်း၌ တိုက်ပွဲဖော်ဆောင်မှုများ အများဆုံးလုပ်ဆောင်နေပြီး၊ ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့၌ မင်းကင်း ကံရွာစစ်စခန်းကို မဟာမိတ်များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Student's Revolutionary Force