ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မှ ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားမည်

ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မှ ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားမည်

ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေသည့် ရေဘေးသင့်ပြည်သူများအား ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ရန်ကုန်-ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ထံမှ သိရသည်။

လာမည့်ရက်များတွင် WFP အနေဖြင့် ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်သူ လူဦးရေ (၃၅,၀၀၀) ခန့်အား ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားရန် စီစဉ်ထားပြီး လတ်တလောအာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်ရန်အလို့ငှာ မိခင်နှင့် ကလေးများအတွက် အာဟာရအထောက်အပံ့များကိုပါ တွဲဖက်ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

“ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဉ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတစ်ခုပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာ လျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှုတွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်လုပ်ဆောင်နေတာဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။ 

အဆိုပါရေကြီးရေလျှံမှု မတိုင်ခင်ကပင် ဧရာဝတီတိုင်းတွင် လူဦးရေ ၁.၅ သန်း (စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံခန့်) သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် ၂၀၂၄ ခန့်မှန်းချက်အရ သိရှိရသည်။ 

ဧရာဝတီတိုင်းဒေသကြီးရှိ ရေလွှမ်းမိုးခြင်းခံရသည့်နေရာများတွင် ခန့်မှန်းလူဦးရေ (၅၀၀,၀၀၀)ခန့် နေထိုင်လျက်ရှိပြီး ၊ WFP သည် ဧရာဝတီတိုင်းတွင် လတ်တလော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ကြသူ မိသားစုများအတွက် စားနပ်ရိက္ခာအကူအညီများကို ယခုရက်သတ္တပတ်တွင် စတင်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။

ယခုစတင်ပေးအပ်လျက်ရှိသည့် အထောက်အပံ့သည် WFP အနေဖြင့် (၉) နှစ်အကြာမှ ဧရာဝတီတိုင်းတွင် ပြန်လည်ပေးအပ်သည့် အကူအညီများ ဖြစ်ပြီး WFP သည် ယခင်က နောက်ဆုံးအကြိမ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီးတွင်း နေရာအနှံ့ ရေလွှမ်းမိုးခဲ့စဉ်က အကူအညီများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် WFP သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့် လူဦးရေ (၁၃၀,၀၀၀) ခန့်ထံ အသက်ကယ်ဆယ်ရေးရိက္ခာအကူအညီများကို ပေးအပ်ခဲ့ပြီးဖြစ်ကာ ရခိုင်ပြည်နယ်တွင်လည်း WFP အနေဖြင့် လိုအပ်ချက်များကိုလည်း လေ့လာဆန်းစစ်လျက်ရှိပြီး အကူအညီပေးရန် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: United Nations Myanmar