မြဝတီမြို့ကို ထိန်းချုပ်ထားခြင်းဖြင့် ကရင် BGF/KNA တပ်အနေဖြင့် ဘဏ္ဍာရေးအကျိုးအမြတ်ကြီးမားစွာရရှိလာနိုင်ကြောင်း Justic For Myanmar အဖွဲ့ထုတ်ပြန်

မြဝတီမြို့ကို ထိန်းချုပ်ထားခြင်းဖြင့် ကရင် BGF/KNA တပ်အနေဖြင့် ဘဏ္ဍာရေးအကျိုးအမြတ်ကြီးမားစွာရရှိလာနိုင်ကြောင်း Justic For Myanmar အဖွဲ့ထုတ်ပြန်

ထိုင်းနှင့်မြန်မာ ကုန်သွယ်ရေးအချက်အခြာမြို့ဖြစ်သည့် မြဝတီမြို့အား စစ်အုပ်စုနှင့်အတူ ထိန်းချုပ်ထားခြင်းအားဖြင့် BGF/KNA တပ်မှ ဘဏ္ဍာရေးအကျိုးအမြတ်ကြီးမားစွာ ရရှိလာနိုင်ကြောင်း Justic For Myanmar အဖွဲ့၏ ၂၀၂၄ ခုနှစ် မေလ (၂၂)ရက်နေ့တွင် ထုတ်ပြန်သည့် ကရင် BGF ၏ ရာဇဝတ်စီးပွားရေးကွန်ရက်ဖော်ထုတ်ခြင်း လေ့လာဆန်းစစ်ချက်တွင်ဖော်ပြထားသည်။

စစ်အုပ်စုနှင့်ပူးပေါင်းပြီး ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှစ်စင်းမှ ဖြတ်သန်းသွားလာကြသည့် လူများနှင့် ကုန်စည်များအပေါ် အခွန်ငွေများ ကောက်ခံနိုင်မည်ဖြစ်ရာ ကရင် BGF/KNA တပ်၏ ဘဏ္ဍာတိုက်သည် သိသိသာသာ ကြီးထွားလာမည်ဖြစ်ကြောင်း Justic For Myanmar အဖွဲ့မှ ဆိုသည်။

ထို့အပြင် ကရင် BGF/KNA တပ်သည် သောင်ရင်းမြစ်တလျောက် ၎င်းတို့ ထိန်းချုပ်ထားသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဂိတ်များကိုဖြတ်၍ တရားမဝင်ကုန်သွယ်မှုများမှ နှစ်စဉ်အခွန်ငွေ ဒေါ်လာဘီလျံချီ ရှိနိုင်သည့် များပြားလှသည့် ဝင်ငွေများ ရရှိလျှက်ရှိကြောင်း သိရသည်။

အကျိုးအမြတ်များသည့် ကုန်စည်များတွင် မော်တော်ယာဉ်များ၊ လောင်စာဆီများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အရက်များ ပါဝင်ပြီး အချို့ကို ကရင် BGF/KNA တပ်ကုမ္ပဏီများကပင် တင်သွင်း၊ ဖြန့်ဖြူးနေကာ ကရင် BGF/KNA တပ်သည် မြစ်တလျောက် ၎င်းတို့ဆိပ်ကမ်းများမှ ဖြတ်သန်းသူများကိုလည်း အခွန်ကောက်ခံလျှက်ရှိကြောင်း Justic For Myanmarမှ သတင်းထုတ်ပြန်သည်။

မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ကရင် BGF/KNA တပ်သည် ကရင်ပြည်နယ်အတွင်းရှိ နယ်မြေအချို့ကို ထိန်းချုပ်ထားနိုင်ခဲ့ကာ အဆိုပါနယ်မြေများအတွင်း လည်ပတ်နေသည့်  တရားမဝင်ကာစီနိုရုံများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ဆိုက်ဘာလိမ်လည်မှုစင်တာများမှလည်း ငွေကြေးအကျိုးအမြတ်များစွာရရှိကြောင်းသိရသည်။

ကရင်ပြည်နယ်အတွင်း များစွာသော တရားဝင်နှင့်တရားမဝင် စီးပွားရေးလုပ်ငန်းများအပြင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှတဆင့် အကျိုးအမြတ်များစွာရရှိနေသည့် ကရင် BGF/KNA တပ်ကို မရပ်တန့်နိုင်ပါက ၎င်း၏ ရာဇဝတ်စီးပွားရေးလုပ်ငန်းများသည်လည်း ဆက်လက် လည်ပတ်နေမည်သာဖြစ်ကြောင်း Justic For Myanmar အဖွဲ့မှ သတိပေးသည်။

ချက်ချင်းလုပ်ဆောင်ရမည့်လုပ်ငန်းများအဖြစ် ကရင် BGF/KNAတပ်၊ ယင်းအဖွဲ့၏ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဒါရိုက်တာများ၊ ရှယ်ယာရှင်များနှင့် အားပေးကူညီသူများအပေါ် အလုံးစုံ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အစိုးရများကို တောင်းဆိုကြောင်း Justice For Myanmar အဖွဲ့မှ ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် ကရင် BGF/KNAတပ်နှင့် ယင်း၏စီးပွားရေးမိတ်ဖက်များက ထိုင်းနယ်မြေကိုအသုံးပြု၍ စီးပွားရေးလုပ်ဆောင်နေခြင်း၊ ထိုင်းဘဏ်များကို အသုံးပြုခြင်းနှင့် ထိုင်းနိုင်ငံရှိ ရောင်းချသူများထံမှ လျှပ်စစ်နှင့် အင်တာနက် ဝယ်ယူနေခြင်းတို့ကို ပိတ်ပင်ရန်လည်း Justice For Myanmar အဖွဲ့မှ တောင်းဆိုထားသည်။

#TachileikNewsAgency