မြဝတီနှင့် ကော့သောင်းတို့တွင် လူငယ်များကို စစ်ကောင်စီက ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်

မြဝတီနှင့် ကော့သောင်းတို့တွင် လူငယ်များကို စစ်ကောင်စီက ဖြတ်သန်းခွင့်မပြုဘဲ ပြန်လွှတ်
စက်တင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် မြဝတီ-မဲဆောက်တံတားမှ နိုင်ငံကူးလက်မှတ် PV အမျိုးအစားကိုင်ဆောင်ထားသူများကို ပြန်လွှတ်နေပြီး တနင်္သာရီတိုင်း ကော့သောင်း-ရနောင်းဂိတ်မှ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များကို ဖြတ်သန်းခွင့်ပိတ်ပင်ထားကြောင်း အလုပ်သမားအရေးကူညီပေးနေသူများထံမှ သိရသည်။

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့သွားမည် အသက်(၁၈) နှစ်မှ အသက်(၃၅)နှစ်အတွင်း အမျိုးသားများကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့ကစတင်၍ ထွက်ခွာခွင့်ပိတ်ပင်လိုက်ပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁)တံတားမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများအား မြဝတီရဲတပ်ဖွဲ့က ဩဂုတ်လ (၃၁)ရက်နေ့မှ စတင်ကာ ပြန်လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“မြဝတီ-မဲဆောက်မှာလည်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကပြန်လွှတ်တာ၊ ကော့သောင်းမှာလည်း ရဲတပ်ဖွဲ့က ပြန်လွှတ်နေတာ။ ထိုင်းကိုသွားမယ့်သူတွေ တော်တော်များများပြန်လာကြရတယ်။ ရဲတွေက Passport စာအုပ် တောင်းကြည့်တယ်။ ပြီးတော့ ရစ်တယ်။ ထိုင်းနိုင်ငံဘက်သွားမရဘူးလို့ပြောပြီး ပြန်လွှတ်လိုက်တာ။ လဝက တွေက ပြေတာမဟုတ်ဘူး။”ဟု အလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြန်လွှတ်ခံရသည့်အထဲတွင် အမျိုးသမီးများလည်းပါဝင်ကာ ပြီးခဲ့သည့် ဩဂုတ်လကလည်း ရန်ကုန်လေဆိပ်မှ ပြည်ပထွက်ခွာမည့် လူငယ်များကို ရဲတပ်ဖွဲ့က ပြန်လွှတ်ခြင်းများရှိခဲ့သည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ၊ ရပ်ကွက်များအတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့များ လုပ်ဆောင်ခြင်းတို့ကြောင့် တိမ်းရှောင်ကြသည့်လူငယ်များကို တားဆီးပိတ်ပင်ခြင်းဖြစ်နိုင်သည်ဟုဆိုပြီး မည်သည့်အတွက်ကြောင့် ပြန်လွှတ်သည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency