ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းက ပစ္စည်းခိုးယူသူများကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးပြီး ပိုင်ရှင်များထံ ပစ္စည်းများပြန်လည်ပေးအပ်သည်ဟု ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် AA က ထုတ်ပြန်သည်။
ဘူးသီးတောင်မြို့အား AA က အပြီးသတ်သိမ်းပိုက်လိုက်သည့် မေလ(၁၈)ရက်နေ့နောက်ပိုင်း မြို့ပေါ်ရပ်ကွက်များမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသူများနှင့် သူခိုးများကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များက ရှာဖွေဖမ်းဆီးပြီး သက်သေခံပစ္စည်းမျာနှင့် ထွက်ဆိုချက်များအပေါ် အခြေခံ၍ တရားဥပဒေနည်းလမ်းကျ စစ်ဆေးကာ အရေးယူနေသည်ဟု ဆိုသည်။
“ရာချီသော သူခိုးများနှင့် ခိုးရာပါပစ္စည်းလက်ခံထားသူများကို မိမိတို့လုံခြုံရေးတပ်ဖွဲ့မှဖမ်းဆီးကာ တရားနည်းလမ်းကျကျ စစ်ဆေးပြီးနောက် အပြစ်ပေးအရေးယူထားပြီးဖြစ်သည်။”ဟု AA က ဖော်ပြသည်။
ဖမ်းဆီးရမိသူများမှာ ဘင်္ဂလီမူဆလင်များဖြစ်ကြပြီး သူတို့သည် စစ်ကောင်စီထံမှ သင်တန်းဆင်းထားကြသူများဖြစ်ကြကာ မီးရှို့ဖျက်ဆီးမှုအပြင် ARSA၊ RSO၊ ARA အဖွဲ့များနှင့်လည်း ဆက်စပ်နေသူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပိုင်ရှင်များ၏ တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သောပစ္စည်းများကို မူလပိုင်ရှင်(၃၁)ဦးထံ တရားဝင် အခမ်းအနားဖြင့် ဘူးသီးတောင်မြို့၌ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် အပ်နှံခဲ့သည်ဟု ဆိုသည်။
“တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာနမှ သိမ်းဆည်းရရှိထားသော ပိုင်ရှင်မဲ့ပစ္စည်းများကိုလည်း ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး ပြည်သူများ၏ လက်ရှိစားဝတ်နေရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် တရားဝင်အခမ်းအနားမျိုးကျင်းပပြီး ပြည်သူလူထုများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။”ဟု ထုတ်ပြန်ထားသည်။
ကျန်ရှိနေသေးသည့် ပစ္စည်းများကိုလည်း ပိုင်ရှင်အစစ်အမှန်များလက်ထံရောက်ရှိရေး လုံခြုံရေးအာမခံချက်ရှိသောအခြေအနေနှင့် နေ့ရက်များတွင် ထပ်မံအပ်နှံမည်ဟု ဆိုသည်။
မြို့သိမ်းတိုက်ပွဲများတွင် မြို့အသီးသီးမှသူခိုးများသည် စစ်ပွဲများကြောင့် ဖြစ်ပေါ်နေသောအခွင့်အရေးများနှင့် AA၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးအစီအမံများကို ကောင်းမွန်စွာ မချထားနိုင်သေးသောအချိန်အတွင်း အခွင့်အရေးယူကာ လူမျိုးပေါင်းစုံ၏ လူနေအိမ်များမှ ပစ္စည်းများ ခိုးယူသွားခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ကြခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
#TachileikNewsAgency
Photo: AA Info Desk