အမ်းမြို့ တစ်မိုင်ကုန်းစခန်းက တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သား ၁၄ ဦးကို ဖမ်းဆီးရမိထား

အမ်းမြို့ တစ်မိုင်ကုန်းစခန်းက တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သား ၁၄ ဦးကို ဖမ်းဆီးရမိထား
နိုဝင်ဘာ 28, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်သား (၁၄)ဦးကို ဖမ်းဆီးရမိကြောင်း ကျောင်းသား လက်ရုံးတပ်တော်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အာရက္ခတပ်တော်(AA)၏ ထိုးစစ်ဆင်မှုကို ခံနေရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူးဇော်ထက်နောင် ဦးစီးစစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် အမ်း-ပဒါန်း လမ်းတစ်နေရာတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးကာ သုံ့ပန်း (၁၄)ဦး၊ လက်နက်ငယ် (၂)လက်နှင့် ခဲယမ်းတို့အား သိမ်းဆည်းရရှိပြီး ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထား သည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် တိုက်ပွဲအတွင်း၌ ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေး​နေခြင်းကြောင့် နယ်မြေရှင်းလင်းနေသည်ဟု ဆိုသည်။

တိုက်ပွဲတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် (၂)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

#TachileikNewsAgency

Photo:SAF