မုံရွာ အုန်းပင်ကြီးဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့၍ ပြန်လာသည့် စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

မုံရွာ အုန်းပင်ကြီးဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့၍ ပြန်လာသည့် စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အုန်းပင်ကြီးဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့၍ ပြန်လာသည့် စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးအား တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

မုံရွာမြို့ အုန်းပင်ကြီးဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ကံကြီးကုန်းကျေးရွာမှ ပျူစောထီးများအား လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ပြီး ပြန်ဆန်တက်လာသည့် စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ မနက်ပိုင်းတွင် ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှလည်းကောင်း နေ့လယ်ပိုင်းတွင် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၄) တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ မတူညီသည့် ချင်းတွင်းမြစ်ကြောင်း နေရာများမှ စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်တွင် ရှေ့ထွက်ပြောင်းတိုက်များ ၊ အဖူးထွက်ပြောင်းတိုက်များနှင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးသည် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ အထက်သို့ ဆန်တက်သွားခဲ့ပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ချင်းတွင်း ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ထို့အအပြင် စစ်ကောင်စီ ရေယာဉ်နှစ်စီးအား ယင်းနေ့ နေ့လယ် (၁၂)နာရီကျော်တွင် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၄) တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ချင်းတွင်းမြစ်ကြောင်းတနေရာ၌ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအား ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ ၊ မျိုးဆက်သစ်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၄) တပ်ရင်း နှင့် တပ်ခွဲ (၂) တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့