တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့အတွင်း ကားများ သတ်မှတ်ချိန်အတွင်းသာ မောင်းနှင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးထား

တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့အတွင်း ကားများ သတ်မှတ်ချိန်အတွင်းသာ မောင်းနှင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးထား

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့အတွင်း ကားများ သတ်မှတ်ချိန်အတွင်းသာ မောင်းနှင်ကြရန် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အသိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်းရှိ အမြဲတမ်းသွားလာနိုင်သည့် ကတ္တရာလမ်းများ ၊ မိုးရာသီမှလွဲ၍ သွားလာနိုင်သည့် ကျေးရွာချင်းဆက် မြေသားလမ်းများကို ည (၉)နာရီမှ နံနက် (၅)နာရီ အတွင်း အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တောင်သာ)မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်သည်။

ကျန်းမာရေးအခြေအနေအရ မဖြစ်မနေသွားလာရမည်ဆိုပါက ကားမှန်ချမောင်းခြင်း၊ အတွင်းခန်းမီးဖွင့်မောင်းခြင်းနှင့် ကုန်တင်ကားများအနေဖြင့် မိုးရွာမနေပါက မိုးကာအုပ် မောင်းနှင်ခြင်းမပြုရန်  အသိပေးထားသည်။

စစ်ကောင်စီသည် ယခင်ကာလများကဲ့သို့ လွတ်လပ်စွာသွားလာ၍ မရတော့ဘဲ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လှုပ်ရှားသွားလာနေကြသည့်အတွက် ပြည်သူလူထုနှင့် ပုံမှားရိုက်လွဲမှားမည်စိုးသည့်အတွက် အထူးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တောင်သာ)မှ ဆိုသည်။

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်း၌လည်း စစ်ရေးအရှိန်မြင့်တက်လာသည်နှင့်အမျှ နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသည့် လမ်းသွယ်များအားလုံးအား သတ်မှတ်ချိန်အတွင်းသာ သွားလာကြရန် နွားထိုးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဇူလိုင်လ (၂၃)ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်သည်။

မြင်းခြံနှင့် နွားထိုးကြီးလမ်း ၊ နွားထိုးကြီး-ပြင်စီလမ်း ၊ နွားထိုးကြီးနှင့်မြို့သာလမ်း ၊ နွားထိုးကြီး-တောင်သာလမ်း ၊ နွားထိုးကြီး-မလှိုင်လမ်း ၊ ပြင်စီနှင့် ကန္နားလမ်းတို့တွင် ည (၉)နာရီမှ နံနက် (၄) နာရီအတွင်းသာ မောင်းနှင်ကြရန် အသိပေးထားသည်။

ထို့အပြင် နွားထိုးကြီးမြို့နယ်အတွင်း ကုန်တင်အားများ မိုးကာအုပ်မောင်းနှင်ခြင်းမပြုရန်၊ ကားများအားလုံး မှန်ချမောင်းနှင်ရန်နှင့် ညပိုင်းတွင် အတွင်းမီးဖွင့်၍ မောင်းနှင်ရမည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

သတ်မှတ်စည်းကမ်းများကို ဇူလိုင်လ (၂၃)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ပြည်သူများအနေနှင့် လိုက်နာဆောင်ရွက်ပေးကြရန် နွားထိုးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency