နောင်ချို့မြို့နယ် အင်းဖိုရွာကို စစ်ကောင်စီ ထပ်မံဗုံးကြဲ ရွာတစ်ဝက်ပျက်စီး

နောင်ချို့မြို့နယ် အင်းဖိုရွာကို စစ်ကောင်စီ ထပ်မံဗုံးကြဲ ရွာတစ်ဝက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အင်းဖိုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ (၂)ကြိမ် ဗုံးကြဲချ တိုက်ခိုက်သွားသဖြင့် ရွာတစ်ခြမ်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သည် ကင်းထောက်လေယာဉ်ဖြင့် ဗုံးကြဲချပြီးနောက် နံနက်(၁၀)နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့်တစ်ကြိမ် ထက်မံလာရောက် ဗုံးကြဲတိုက်ခိုက်သွားခြင်းကြောင့် ရွာတစ်ခြမ်း ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကင်းထောက်လေယာဉ်နဲ့ မနက်ကဗုံးကြဲချတယ်။ အင်းဖိုရွာတစ်ခြမ်းလောက် တော်တော်ထိတယ်။ မနေ့က ကြဲသွားတဲ့ စာသင်ကျောင်းနားကိုပါ ကြဲတာ။ အင်းဖိုရွာမှာ အိမ်ခြေတော့(၁၀၀)လောက်ရှိတယ်။ တစ်ဝက်လောက် ပါသွားတယ်။ ဒေသခံတွေလည်း ရှောင်ကုန်ကြပြီ။ တိုက်ပွဲဖြစ်နေတဲ့ တောင်းခမ်းကနေ အင်းဖိုကိုသွားရတာဆိုတော့ နီးပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်သည် အင်းဖိုရွာကို လေကြောင်းမှ ပေါင်(၅၀၀)ဗုံးများအပါအဝင် ဗုံးအလုံးရေများစွာ ကြဲချတိုက်ခိုက်သွားခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စစ်ရှုံးသွားသည့် ရှမ်းမြောက်ဒေသကို နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် လူထုထိခိုက်မှုနှင့် အဆောက်အဦးပျက်စီးမှုများကို နေ့စဥ်ကြုံတွေ့နေရသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အင်းဖိုရွာ