ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ဆိုင်ကယ်ခိုးလာသူ အမျိုးသားတစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ထားကြောင်း သိရသည်။
နံပါတ်မပါသည့် KENBO 125 R အနက်ရောင်ဆိုင်ကယ်စီးနင်းလာသည့် ထွန်းလူကို အမှတ် (၉) ရပ်ကွက်၊ ရွှေဖီဦးလမ်း၊ အမက (၆) ကျောင်းရှေ့၌ တွေ့ရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးရာ ဆိုင်ကယ် ပိုင်ဆိုင်ကြောင်းကို ပြောဆိုနိုင်ခြင်းမရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ကို သိမ်းဆည်းထားပြီး ထွန်းလူကို ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၆၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ -၃၈၀ / ကျင့်- ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကျောက်မဲမြို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှစ၍ ဆေးရုံ၊ ဆေးခန်း၊ ဈေးနှင့် လူစည်ကားရာ အရပ်များ၌ ဆိုင်ကယ် ခိုးယူခံရမှုများ များပြားလာနေပြီး ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ဆိုင်ကယ်၊ ဖုန်းခိုးမှုဖြင့် ဖမ်းဆီးရမိမှု ( ၈ )ခု ရှိထားပြီဖြစ်ကြောင်း မြို့မရဲတပ်ဖွဲ့ထံက သိရသည်။
သတင်း - နေဖြိုးမြင့်