မဟာချိုင်ရှိ စက္ကူစက်ရုံမှ မြန်မာအလုပ်သမား ၃၀၀ ကျော် အလုပ်ထုတ်ခံရကာ အခက်အခဲဖြစ်နေ

မဟာချိုင်ရှိ စက္ကူစက်ရုံမှ မြန်မာအလုပ်သမား ၃၀၀ ကျော် အလုပ်ထုတ်ခံရကာ အခက်အခဲဖြစ်နေ

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံကိုပိတ်ကာ အလုပ်သမားများကို အလုပ်ဖြုတ်သဖြင့်  မြန်မာလုပ်သား (၃၀၀)ကျော်မှာ အလုပ်လက်မဲ့ဖြစ်နေ၍ NUG နှင့် (M.H.A.C) မဟာမိတ်အဖွဲ့ထံ ကူညီဖြေရှင်းပေးရန် တိုင်ကြားထားကြောင်း သိရသည်။ 

စက်ရုံပိတ်ကာ ပြောင်းရွှေ့မည်ဟု အလုပ်သမားများကို ၂၀၂၄ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် အသိပေးခဲ့ပြီးနောက် ယနေ့ ဇူလိုင်လ (၂၂)ရက်နေ့တွင် အလုပ်မှ ထုတ်ပယ်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်။

“အလုပ်ရုံပြောင်းမယ်၊ ရွှေ့မယ်ဆိုတာကို အကြောင်းပြပြီးတော့ အလုပ်ဖြုတ်တာပဲပေါ့။ အလုပ်ကနေ ရပ်နားခိုင်းတာပေါ့။ အလုပ်သမားတွေကတော့ အလုပ်လက်မဲ့ဖြစ်မယ်အခြေအနေနဲ့ ကြုံတွေ့နေရပြီပေါ့နော်။ နောက် အလုပ်ကလည်း မသေချာဘူး။ ဒီနေ့မှာတော့ သူတို့ကို အလုပ်ဖြုတ်လိုက်ပြီလို့ပြောတယ်။ ထိုက်သင့်တဲ့နစ်နာကြေးပေးဖို့ကိုလည်း သူဌေးဘက်က ဝါးတားတားလုပ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်က လက်ရှိဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်ပေါ့နော်။”ဟု M.H.A.C မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက Tachileik News Agency ကိုပြောသည်။

NUG အစိုးရ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီ‌ဆောင်ရွက်ပေးနေသည့် (M.H.A.C) မဟာမိတ်အဖွဲ့တို့က ယခုကိစ္စကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းမည်ဟု သိရသည်။

“အလုပ်ပြုတ်သွားတဲ့နစ်နာမှုတွေနဲ့ လက်ကျန်လုပ်အားခတွေ ပြန်ရအောင်တောင်းဆိုရမှာပေါ့။ သူတို့က လွန်ခဲ့တဲ့ (၃)ရက်လောက်က အလုပ်ဆင်းလို့မရတော့ဘူး။ စက်ရုံပိတ်မယ်ဆိုတာ ကြိုပြောလိုက်ပြီးတော့ အလုပ်ကနေ နားခိုင်းလိုက်တာ။ အလုပ်ရှင်ဘက်က အလုပ်သမားတွေ လက်မခံနိုင်တဲ့အနေအထားမျိုးပဲ ပေးနေတဲ့အခြေအနေမှာပဲရှိနေတယ်။”ဟု ကိုရဲမင်းကဆက်ပြောသည်။

အဆိုပါအလုပ်ဖြုတ်ခံရသည့် အလုပ်သမားများတွင် MoU အလုပ်သမားတချို့လည်းပါဝင်နေပြီး အထောက်အထားမျိုးစုံဖြင့် နေထိုင်သူများကာ လုပ်သက်(၃)နှစ်ကျော်မှစတင်၍ (၁)နှစ်သက်တမ်းရှိ အလုပ်သမားအများစု ပါဝင်နေသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် (၄)လမှ (၁)နှစ်အတွင်း အလုပ်သမားကို နောက်ဆုံးလစာ၏ တစ်လစာကို ခံစားပိုင်ခွင့်၊ တစ်နှစ်မှ (၃)နှစ်အတွင်းကို (၃)လစာခံစားပိုင်ခွင့်၊ (၃)နှစ်အထက် အလုပ်သမားများမှာ နှစ်သက်တမ်းအလိုက် ခံစားပိုင်ခွင့်ရှိ သည်ဟု သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစ်နာသူ မြန်မာအလုပ်သမား(၃၀၀)ကျော်အနက် အလုပ်သမား(၂၂၀)ကျော်က ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီ‌ဆောင်ရွက်ပေးနေသည့် (M.H.A.C) မဟာမိတ်အဖွဲ့ ကိုရဲမင်းနှင့် NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနထံ ဆက်သွယ်အကူအညီတောင်းခံထားခြင်းဖြစ်သည်။

#TachileikNewsAgency