စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီရဲစခန်းနှင့် ထွေအုပ်ရုံးအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ထံမှ သိရသည်။
ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီရဲစခန်းနှင့် ထွေအုပ်ရုံးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ ညနေ (၅)နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ Fixed Wings Drone များ အသုံးပြု၍ ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက် (၇)နာရီကျော်တွင် အဆိုပါ စစ်ကောင်စီရဲစခန်းနှင့် ထွေအုပ်ရုံးအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒုတိယအကြိမ် Fixed Wings Drone များ အသုံးပြု၍ ထပ်မံ ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပစ်မှတ်တွေကို အတိအကျ ချနိုင်ခဲ့တယ်၊ ထိခိုက်မှုရှိနိုင်တယ်။ အတည်မပြုရသေးပါ။ အခက်အခဲကတော့ ကျနော်တို့မှ ကင်းထောက်ဒရုန်းမရှိတဲ့အတွက် လူကိုယ်တိုင်တက်ပြီး ကင်းထောက်ရတယ်ဗျ။”ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းများအား ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့သော်လည်း ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုက်ပွဲများဖော်ဆောင်နိုင်ရန်အတွက် ပြည်တွင်း ပြည်ပရှိ ပြည်သူများအနေဖြင့် ဒရုန်းဗုံးသီးများ ဆက်လက် ထုတ်လုပ်နိုင်ရန် ကူညီထောက်ပံပေးကြရန် (Chindwindynamite) ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က တိုက်တွန်း အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုများအား ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅၊ တပ်ခွဲ ၃ ၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃၊ တပ်စိတ် ၁ 5/Fighter Group(Monywa) နှင့် SOLO AUNG GYI(salingyi) မဟာမိတ်လေးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: Chindwindynamite