စက်သုံဆီတင်သွင်းရန် ကန့်သတ်ခံထားရသည့် မြဝတီမြို့ကို တရားမဝင်တင်သွင်းမည့် စက်သုံးဆီများအား ဖမ်းဆီးရမိသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ တာ့က်ခရိုင် ဖိုးဖမြို့နယ် ချောင့်ခဲ့ကျေးရွာ စစ်ဆေးရေးဂိတ်တွင် မြဝတီဘက်သို့ တရားမဝင် လမ်းကြောင်းက ပို့ဆောင်မည့် စက်သုံးဆီများ တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့ ည(၁၁)နာရီက ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ဖိုးဖမြို့နယ် ချောင့်ခဲ့ကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစဥ် ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာ ကားပေါ်တွင် စက်သုံးဆီများ ထည့်ထားသည့် ပလတ်စတစ်ပုံး အလုံး(၂၀)ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကားကို ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့် မြန်မာနိုင်ငံသူ အမျိုးသမီးတစ်ဦးတို့က သယ်ဆောင်လာခြင်းဖြစ်ပြီး မြဝတီဘက်သို့ ပြန်လည်ရောင်းချရန်အတွက် မဲဆောက်မြို့နယ် မယ်ကုကျေးရွာရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မှ ဝယ်ယူလာခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးရမိသူနှစ်ဦးကို ဖိုးဖမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူမည်ဟု သိရသည်။
မြန်မာ-ထိုင်းနယ်စပ်ဒေသ ကရင်ပြည်နယ် မြဝတီမြို့နယ်တစ်ခုလုံးကို ထိုင်းအစိုးရအနေဖြင့် လျှပ်စစ်မီးနှင့် စက်သုံးဆီတင်ပို့မှု ဖြတ်တောက်လိုက်ခြင်းကို ဖြေလျှော့ပေးရန် မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်းက ထိုင်းအစိုးရထံ အသနားခံတင်ပြထားသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့် လောင်စာဆီကို မှီခိုနေရသည့် နယ်စပ်မြို့ မြဝတီတွင် ထိုင်းလျှပ်စစ်မီး ဖြတ်တောက်လိုက်ခြင်းကြောင့် အစိုးရရုံးများ၊ ဆေးရုံများအပါအဝင် မြို့ခံလူထုမှာ အခက်အခဲဖြစ်သွားသဖြင့် အသနားခံစာ ပေးပို့ခြင်းဖြစ်သည်ဟု ဆိုသည်။
နယ်စပ်ဖြတ်ကျော် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ပစ်မှတ်ထားလို၍ မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်တို့ရှိ နေရာ(၅)ခုကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ပေးပို့နေမှုအား ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
အလားတူပင် စက်ဆုံးဆီတင်ပို့မှု ဖြတ်တောက်ခြင်းကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုအပြင် နယ်စပ်ကုန်သွယ်ရေးကိုပါ ဆိုးဝါးစွာထိခိုက်သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo:วันนี้ที่แม่สอด อ.แม่สอด