စစ်ကောင်စီပစ်ခတ်မှုကြောင့် သံတွဲတွင် အရပ်သား ၂၉ ဦးသေဆုံး

စစ်ကောင်စီပစ်ခတ်မှုကြောင့် သံတွဲတွင် အရပ်သား ၂၉ ဦးသေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် (၄)ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်း အပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား(၂၉) ဦးအထိ သေဆုံးကြောင်း သိရသည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်း ၂၀၂၄ ခုနှစ် မေလ(၁၃) ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လင်းသီရွာနှင့် ရွှေလှေရွာ အတွင်းသို့ကျပြီး အရပ်သား(၁၀)ဦး သေဆုံးခဲ့သည်။

သံတွဲမြို့ ဘားတောင်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး အထိုင်စခန်းမှ မေလ (၁၄)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီး (၁၂)လုံးပစ်ခတ်ရာ ‌လင်းသီရွာနှင့် ရွှေလှေရွာများအတွင်းသို့ ကျရောက်ပြီး ဒေသခံ(၁၀)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူများမှာ လင်းသီကျေးရွာမှ ကမန်လူမျိုးများဖြစ်သည့် ဦးညီလေး (၄၇နှစ်)၊ မငယ်လေး (၂၅)နှစ်၊ အပုလေး (၂၁)နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇)နှစ်၊ ဦးမောင်တင်ညွန့် (၄၇)နှစ်၊ ဒေါ်မမေလီရန် (၇၅)နှစ်၊ ဒေါ်သန်းသန်း (၆၃)နှစ်၊ ဒေါ်မညံ့ (၅၅)နှစ်နှင့် ရွှေလှေကျေးရွာမှ ရခိုင်အမျိုးသမီး ဒေါ်သန်းမြင့်တို့ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ မေလ(၁၈)ရက်နေ့ကလည်း တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့ နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲရာ ဒေသခံ(၉)ဦးသေဆုံးကြာင်း သိရသည်။

"ဒီဖက်တော့လေယာဉ်လာတယ် မပစ်သွားဘူး။ နတ်တောင်မော် ဝါးနွယ်ပြင်ဖက်ကတော့ နည်းပါးကြားရတယ်၊ ပေါက်ကွဲသံတွေ။ နတ်တောင်မော်မှာက တိုက်ပွဲမဖြစ်ဘူး။ မနေ့က ထောက်ပို့လေယာဉ်လာတာကို ထွက်ကြည့်တာ ဗုံးကြဲလို့သေသွားတယ်လို့ ကြားတယ်။ ဖုန်းလိုင်းမရတော့ အတိတကျမသိရဘူးဖြစ်နေတယ်။"ဟု ယနေ့ ၂၀၂၄ ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းအခြေအနေကို ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

နတ်တောင်မော်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမရသဖြင့် သေဆုံးသူများ၏ အမည်နှင့် အခြေအနေများကို အတည်ပြုရန်ခက်ခဲနေသည်။

#TachileikNewsAgency