ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) နှင့် တောင်ခမ်းဒေသသို့ စစ်ကူပို့သည့် စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဓာတုဗုံးများ အသုံးပြုတိုက်ခိုက်သည်ဟု DPLA ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်ကူပို့လိုသည့် စစ်ကောင်စီတပ်သည် ကျောက်ဂူဘက်မှတဆင့် စစ်ကူပို့ဆောင်နေရာ DPLA ပူးပေါင်းတပ်များနှင့် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့ကစတင်၍ တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းဖြင့် ဓာတုဗုံးများ ကြဲချတိုက်ခိုက်သည်ဟု ဆိုသည်။
“ဗုံးချတိုက်ခိုက်ခံရပြီးတော့ မူးဝေအော့အန်တာတွေရှိပါတယ်။ ဗုံးအရေအတွက်တော့ အတိကျ မသိရဘူးဗျ။ တော်တော်လေးတော့များတယ်။”ဟု DPLA မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
တိုက်ပွဲဖြစ်နေစဉ် ဒီဇင်ဘာလ (၇)ရက်နေ့ ညနေ(၄)နာရီတွင် စစ်ကောင်စီတပ်ဘက်က ဒရုန်းဖြင့် ဓာတုဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် DPLA နှင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ဓာတုအဆိပ်သင့်ကာ မူးဝေအော့အန်ခြင်းများ ဖြစ်ပေါ်သည်ဟု ဆိုသည်။
“ပြည်သူတွေ လမ်းမကြီးတွေသွားလာရင် ကားမှန်တံခါးဖွင့်သွားကြဖို့ပြောချင်ပါတယ်ဗျ။”ဟု DPLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးစပ်ရာနေရာများတွင် မနေရန်နှင့် တိုက်ပွဲဖြစ်သည့် နေရာများမှ ဘေးကင်းစွာ စစ်ရှောင်ကြရန်လည်း ၄င်းက တိုက်တွန်းသည်။
DPLA နှင့် ပူးပေါင်းတပ်များသည် ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ နယ်မြေခံတပ်များဖြစ်သည့် ကျောက်ဂူအမြောက်တပ် အမတ(၃၄၉)၊ နောင်ဝိုးတပ် ခလရ (၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်းခမ်းသို့ ရပ်စောက်ဘက်မှ စစ်ကူပို့သည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။
ပူးပေါင်းတပ်တွင် ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့အမည်များကိုမူ DPLA ဘက်က အသိပေးခြင်းမရှိပါ။
စစ်ကောင်စီဘက်က စစ်ကူပို့နေသည့် တောင်းခမ်းဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟုလည်း TNLA စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို အတည်ပြုသည်။
စစ်ကောင်စီတပ်သည် TNLA ပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်ထားမှုကြောင့် တောင်းခမ်းဒေသသို့ ပြင်ဦးလွင်ဘက်မှ စစ်ကူမပို့နိုင်ဘဲ နောင်ချိုနှင့် တောင်းခမ်းဒေသကို လေကြောင်းမှ ဗုံးကြဲခြင်းနှင့် ပြင်ဦးလွင်မှ လက်နက်ကြီးပစ်ကူပေးခြင်းများသာ လုပ်ဆောင်သည်ဟု သိရသည်။
နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နိုဝင်ဘာလအတွင်း ဒေသခံ (၁၆)ဦး သေဆုံးပြီး သံဃာတော် (၂)ပါး အပါအဝင် (၂၅)ဦး ဒဏ်ရာရကာ နေအိမ် (၅၇)လုံးနှင့် ကား(၈)စီး ပျက်စီးသည်။
ကျောက်ဂူဒေသတိုက်ပွဲတွင်လည်း အထိနာနေသည့်စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ ဆက်တိုက်ပေးနေသည်ဟု ဆိုသည်။
ဩဂုတ်လ (၈)ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်ဂူတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၉)ဦးသေဆုံးကာ (၈)ဦးကို DPLA တပ်ဖွဲ့ဘက်က အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်(၁၉)လက်လည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျောက်ဂူကျေးရွာအုပ်စုတွင် လူဦးရေ(၁၅,၀၀၀)ကျော်နေထိုင်ပြီး တိုက်ပွဲများကြောင့် ဒေသခံများသည် ရပ်စောက်မြို့ပေါ်နှင့် တောတွင်းများသို့ တိမ်းရှောင်နေကြရ၍ အကူအညီများလိုအပ်နေသည်ဟု ဆိုသည်။
#TachileikNewsAgency
Photo: DPLA