မကွေးတိုင်း မင်းတုန်းမြို့နယ် မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားရာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ကြောင်း အမှတ် (၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄)တပ်ရင်းထံမှ သိရသည်။
မင်းတုန်းမြို့နယ် မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့က စတင်ပြီး အင်အား (၅၆)ဦးခန့်ဖြင့် ၀င်ရောက်တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက် (၆)နာရီတွင် ပြန်လည်ထွက်ခွာလာစဉ် တဇို့တုံကျေးရွာ နှင့် ဒေါင်းတိုက်ကျေးရွာကြားအရောက် နံနက် (၆)နာရီခွဲတွင် သရက်ခရိုင် အမှတ်(၄) တပ်ရင်း တပ်ခွဲ (၂)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့အကြား နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းသည် အပြင်းအထန်ပြန်လည်ခုခံကာ ဆုတ်ခွာသွားပြီး ငခူအိုးကျေးရွာ နှင့် ရွာပုလဲကျေးရွာကြား အရောက် နံနက် (၁၀)နာရီတွင် နောက်ထပ် အသင့်စောင့်ကြိုနေရာယူထားသည့် သရက်ခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)မှ ဒုတိယအကြိမ် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင် (၂၅)ဦးခန့် ကျဆုံးပြီး အပြီးသတ် တိုက်ခိုက်နိုင်ရန် ကြိုးစားချိန်တွင် စစ်ကောင်စီ စစ်ကူအင်အား (၈၀)ခန့် ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်သည်။
“တိုက်ပွဲဖြစ်ပွားတဲ့နေရာက ပုသိမ်-မုံရွာ လမ်းမဘေးပေါ့နော်။ မင်းတုန်းမြို့နဲ့လည်း သိပ်မဝေးဘူး။ အဲ့ဒီမှာ ပုသိမ်-မုံရွာ လမ်းအတိုင်း တောင်ဘက်ကို သွားလိုက်မယ်ဆို ၀င်းတွင်းဂိတ်ဆိုတာ ရှိပါတယ်။ နောက်ပြီးရင် လက်ပံတန်း ၊ ညောင်ပင်သာဆိုတဲ့ရွာလေးတွေရှိပါတယ်။ အဲ့ဒီ့ရွာက ပျူအားကောင်းတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ အဲ့တော့ အဲ့ဒီ့ (၈၀)ခန့်ဟာ ကျနော်တို့ ဒီ၀င်းတွင်း ၊ လက်ပံတန်း ၊ ညောင်ပင်သာ အဲ့ဒီမှာရှိကြတဲ့ စခတွေနဲ့ ပြည်သူ့စစ်တွေနဲ့ နောက် မင်းတုန်းမြို့နယ်အတွင်းမှာရှိကြတဲ့ တချို့သော လမ်းပိုင်းပေါ်မှာ တာဝန်ကျနေတဲ့ စခတွေနဲ့ ပူးပေါင်းစစ်ကြောင်းပေါ့နော်။ အဲ့ဒါဟာ ဒီဝင်းတွင်းဘက်ကနေပြီးတော့ ရောက်ရှိလာတာပါ။”ဟု သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က Tachileik News Agencyကို ပြောသည်။
တိုက်ပွဲအတွင်း သရက်ခရိုင်အမှတ် (၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄)တပ်ရင်းမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
#TNA_LE
Photo:အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း