NLD ပါတီ၏ မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝေလင်းအောင်အပါအဝင် (၁၁)ဦးကို KNU ၏ တပ်မဟာ(၆)နယ်မြေအတွင်း အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်က ဝင်ရောက်ဖမ်းဆီးသည်ဟု ကနဦးသတင်းများထွက်ပေါ်နေသည်။
မနက် ၁၀ နာရီလောက်က လမ်းသွားလမ်းလာ (၂)ယောက်ကို အကြောင်းပြချက်မရှိ ဖမ်းသွားတယ်။ စကစတွေက လက်နက်လာရှာတာလို့ပြောတယ်။ ဖမ်းသွားတဲ့အထဲ မြောင်းမြလွှတ်တော်ကိုယ်စားလှယ်ပါတယ်လို့လည်းပြောတယ်။ ဘယ်သူတွေပါသွားတယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး
ဟု လေးကော်ဒေသခံတစ်ဦးက နေ့လယ် ၁ နာရီဝန်းကျင်တွင် Tachileik News Agency သို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၅၆၀ က အင်အား (၂၀၀) ဝန်းကျင်ဖြင့် ယနေ့ နံနက် (၈)နာရီဝန်းကျင်တွင် စစ်ကြောင်းလေးကြောင်းခွဲ၍ KNU ၏ သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးမှခွင့်ပြုချက်ဖြင့်သာ ဝင်ခွင့်ရှိသည့် လေးကေးကော်မြို့သစ်တွင်း ဝင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အာဏာသိမ်းစစ်တပ်က လေးကေကော်မြို့သစ်တွင်း လှည့်ပတ်ရှာဖွေနေစဉ် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါ ဖြတ်တောက်ထားပြီး လေးကေးကော်မြို့သစ်ဘက်သို့ လက်နက်ကြီးဖြင့်လည်း ချိန်ထားသည်ဟု သိရသည်။
အာဏာသိမ်းတပ်၏ စစ်ကြောင်းမှူးနှင့် KNU တပ်မဟာနယ်မြေ ၆ ဒူးပလာယာခရိုင်တာဝန်ရှိသူတို့ ဆွေးနွေးညှိနှိုင်းနေသည်ဟုသိရသော်လည်း ဆွေးနွေးမှုအခြေအနေများကို မသိရသေးပါ။
ဆက်စပ်သတင်း
အာဏာသိမ်းစစ်ကောင်စီတပ်က KNU နယ်မြေ လေးကေကော်မြို့ကို အင်အားဖြင့် နယ်ကျော်ဝင်လာ၍ စစ်ရေးတင်းမာနေ