အာရက္ခတပ်တော်(AA)၏ ထိုးစစ် ဧရာဝတီတိုင်းအနီးထိရောက်လာသဖြင့် ငါးသိုင်းချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ပြင်နေပြီး ကျေးရွာများအတွင်းရောက်ရှိနေသည့် ရခိုင်စစ်ရှောင်များကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းနေသည်ဟု သိရသည်။
ငါးသိုင်းချောင်းအနောက်ခြမ်း ကျေးရွာများသို့ စစ်ရှောင်လာသည့် ရခိုင်မှ စစ်ရှောင်များကို ကျေးရွာများတွင် မနေထိုင်ကြရန် စစ်ကောင်စီတပ်က အမိန့်ထုတ်ထားပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေညှစ်ခြင်းများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။
“ငါးသိုင်းချောင်း ပတ်ချာလည်မှာရှိတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်လာသူတွေကို လုံခြုံရေးတင်းကြပ်တာ၊ နှင်ထုတ်တာတွေ လုပ်နေတာရှိတယ်။ ပြီးတော့ သူတို့အနေနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်သလို အမြောက်တပ်ကနေ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတယ်။”ဟု ငါးသိုင်းချောင်းမြို့နယ် ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် အရပ်သားများအား ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖမ်းဆီးရိုက်နှက် ငွေညှစ်တောင်းယူမှုများ လုပ်ဆောင်နေသဖြင့် သတိဝီရိယနှင့်နေကြထိုင်ကြရန် ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တိုက်တွန်းထားသည်။
“ဒီလိုလုပ်နေတာက စစ်ကောင်စီတပ်တွေရဲ့ လုံခြုံရေးစိုးရိမ်ချက်လို့ ယူဆရပါတယ်။ အဲဒီမှာက အမြောက်တပ် (၃၄၄)ရှိပါတယ်။ အမြောက်တပ်မှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေပါတယ်။”ဟု ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီ၏ နှင်ထုတ်ခြင်းကြောင့် ရခိုင်စစ်ရှောင်များမှာ ထပ်မံပြောင်းရွှေ့နေကြရပြီး ကျေးရွာများကိုမူ လုံခြုံရေးအခြေအနေရ မဖော်ပြခြင်းဖြစ်သည်။
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ်တို့သည့် ရိုးမသာခြားပြီး အဆိုပါရိုးမပေါ်တွင် ဒေါင်းချောင်းနှင့် ဗေဒါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှစ်ခုရှိကာ ဒေါင်းချောင်းမှာ ဂွအနီးနှင့် ဗေဒါစခန်းမှာ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်မျဉ်းပေါ်တွင် ရှိသည်။
အဆိုပါ ဗေဒါစစ်ဆေးဂိတ်နှင့် (၅)မိုင်ဝန်းကျင်သာဝေးသည့် ဘောဓိရွာမှ စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ(၁၅) ရက်နေ့တွင် AA က ဝင်ရောက်တိုက်ခိုက်ရာက စစ်ကောင်စီတပ်သည်လည်း ငါးသိုင်းချောင်းတွင် စစ်ပြင်လာခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်သံတွေ ညပိုင်းတွေဆို ကြားနေရတယ်။ အမြောက်တပ်မှာလည်း စစ်ပြင်နေကြတယ်။ အဲဒါကြောင့် အမြောက်တပ်နဲ့နီးတဲ့ ရွာတွေမှာနေတဲ့ ရခိုင်က စစ်ရှောင်တွေကို နှင်ထုတ်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် အာရက္ခတပ်တပ်တော်သည် ဒေါင်းချောင်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်တို့ကိုပါ သိမ်းပိုက်လိုက်ပြီဆိုသော သတင်းထွက်ပေါ်နေသော်လည်း ယနေ့ ဒီဇင်ဘာလ(၂၃)ရက်နေ့အထိ AA ဘက်က ထုတ်ပြန်ခြင်းမရှိသေးပါ။
#TachileikNewsAgency
#TNA_MAT