လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား
အောက်တိုဘာ 29, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားများအား အောက်တိုဘာလ (၁၃) ရက်နေ့တွင် ရင်းဘုတ်ရွာအနီး၌ တစ်ကြိမ် ၊ အောက်တိုဘာ (၁၄)ရက်နေ့တွင် ဂေါ့အင်းရွာအနီး၌တစ်ကြိမ်နှင့် အောက်တိုဘာ (၁၆)ရက်နေ့တွင် အောက်ရေဖြူရွာအနီး၌တစ်ကြိမ် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ၌ ဒရုန်းစစ်ဆင်ရေးများ တစ်ပတ်ခန့်အထိ တောက်လျှောက် ဖြစ်ပွားခဲ့ပြီး ၊ ၎င်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် အနည်းဆုံး (၁ဝ)ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ပြီး (၁၃)ဦးခန့် သေဆုံးနိုင်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၁)တပ်ရင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း ပင်လယ်ကြယ်တပ်ခွဲ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo:LLPDF