စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ပြည်ခရိုင်အတွင်း ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းကျေးရွာတွင် အဓမ္မစစ်မှုထမ်းရန်အတွက် ကျေးရွာနေ ပြည်သူများအား ခေါ်ဆောင်သည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ရှင်းလင်းလိုက်ကြောင်း  ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းက ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ ( ၂၂ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချောင်းကောင်းအုပ်စု ချောင်းကောင်းရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး ကျောက်ဒိုး ( ခ ) ညွန့်နိုင်အား PPDF - ၃၆၀၁ တပ်ရင်းနှင့် ပေါက်ခေါင်း ( ပ.က.ဖ ) တို့မှ ပူးပေါင်းပြီး သြဂုတ်လ ( ၂၀ ) ရက်နေ့ ညနေ ( ၅ ) နာရီခွဲတွင် ပစ်ခတ်လိုက်သည့်အတွက် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျေးရွာနေပြည်သူများအား အဓမ္မစစ်မှုထမ်း စုဆောင်းခြင်း ၊ ငွေကြေးကောက်ခံခြင်းနှင့် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပေါ်တာဆွဲရာတွင် အချိန်ပြည့် လိုက်ပါဆောင်ရွက်နေခြင်းတို့ကြောင့် ယင်းသို့  လုပ်ဆောင်လိုက်ရခြင်းဖြစ်ကြောင်း PPDF - ၃၆၀၁ တပ်ရင်းက ဆိုသည်။

ပြည်ခရိုင်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်မှုထမ်းစုဆောင်းရန်အတွက် လိုက်ပါဆောင်ရွက်နေသည့် ကျန်ရှိနေသေးသည့် အုပ်ချုပ်ရေးမှုးများကိုလည်း ပြင်းထန်စွာဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။