ငပုတောမြို့နယ်အတွင်းရှိ ရွာများတွင် စစ်မှုထမ်းအတွက် ငွေမထည့်နိုင်သူများကို စစ်ကောင်စီက ဝင်ဖမ်းသဖြင့် ထွက်ပြေးနေကြရ

ငပုတောမြို့နယ်အတွင်းရှိ ရွာများတွင် စစ်မှုထမ်းအတွက် ငွေမထည့်နိုင်သူများကို စစ်ကောင်စီက ဝင်ဖမ်းသဖြင့် ထွက်ပြေးနေကြရ

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စီးပွားရေးကြပ်တည်းလာမှုကြောင့် စစ်မှုထမ်းအတွက် ငွေမထည့်နိုင်တော့သည့်နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသဖြင့် ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်မှုထမ်းသူများအတွက် အသက်(၁၈)နှစ်မှ (၃၅)နှစ်ကြားရှိသော နေအိမ်တစ်အိမ်လျှင် အနည်းဆုံး ငွေကျပ်တစ်သောင်းခွဲမှ နှစ်သောင်းအထိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ကောက်ယူနေပြီး စီးပွားရေးကြပ်တည်းလာမှုကြောင့် ငွေမထည့်နိုင်တော့သဖြင့် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသည်ဟု ဆိုသည်။

“တစ်လကို နှစ်သောင်းထည့်ရတယ်။ (၇) လလောက်ရှိပြီ ထည့်ပေးနေရတာ။ အဲဒါ တချို့မထည့်တဲ့ အိမ်တွေရှိတယ်။ မထည့်နိုင်တော့တာလည်း ပါတယ်ပေါ့။ အဲဒါ မနေ့(ဒီဇင်ဘာလ ၂၉)က စစ်ကောင်စီတပ်သားတွေ ရွာကို လာတယ်။ ဥက္ကဌနဲ့ ဘောမကောင်တွေ သွားကြိုကြတယ်။ ငွေမထည့်နိုင်တဲ့အိမ်တွေကို စစ်သားတွေနဲ့ ဝိုင်းတယ် ။ ဖမ်းမမိသွားဘူး။ ရွာကိုဝိုင်းနေတုန်း မထည့်နိုင်တဲ့သူတွေ ရှောင်ကုန်ကြတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယခင်က ကညင်ငူရွာမှ လူငယ်တစ်ဦးနှင့် ကလယ်ကုန်းမှ လူငယ်တစ်ဦးတို့ကို စစ်မှုထမ်းရန်ခေါ်ဆောင်သွားပြီးနောက် အုပ်ချုပ်ရေးမှူးက ငွေကိုသာကောက်ယူနေခြင်းဖြစ်သည်။

ကညင်ငူရွာမှ ဥက္ကဌ ဇော်နိုင်ထွန်း၊ ရာအိမ်မှူး သောင်းထိုက်၊ စာရေး ကျော်သူအောင်တို့က ဒိန်းဒေါင်၊ ဖိုးသဲစသည် လူမိုက်များနှင့်ပေါင်းကာ ငွေကောက်ခံနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘေးရွာတွေလည်း ငွေထည့်ပေးနေကြရတယ်။ ဘေးက သင်ကန်းကုန်းရွာက ရွာကြီး။ အဲဒီရွာက တစ်အိမ်ကို တစ်သောင်းခွဲထည့်ရတယ်။ ဖြစ်နေတာတော့ အဲဒီနားက ရွာတိုင်းပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မန်ကျီးပင်၊ ကြာကန်၊ သဲကုန်း၊ ကညင်ငူ၊ ဂုန်ညှင်းတန်း၊ သင်ကန်းကုန်း၊ သက်ကယ်သောင် စသည့်ရွာများတွင်လည်း ငွေကြေးကောက်ခံနေပြီး မထည့်နိုင်ပါက ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည်ဟု သိရသည်။

“အခု ညဘက်တွေကို ကင်းလှည့်တယ်။ ဧည့်စာရင်းစစ်မယ်ပြောနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ငပုတောမြို့နယ်သည် ဟိုင်းကြီးကျွန်းနှင့် တစ်ဖက်တစ်ကမ်းတွင်ရှိနေပြီး ပုသိမ်မြို့၏ တောင်ဘက်သို့ (၁၆)မိုင် အကွာ ငဝန်မြစ်အရှေ့ဘက်ကမ်းတွင်တည်ရှိကာ စစ်ကောင်စီတပ်လည်းအထိုင်ချထားသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: စစ်ကောင်စီက စစ်မှုထမ်းအတွက် စုဆောင်းထားသည့် လူငယ်များ (ပုံဟောင်း)