AAက ရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် အရာရှိသင်တန်းကို တက်ရောက်သည့် AAတပ်ဖွဲ့ဝင်များ သင်တန်းဆင်း  

AAက ရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် အရာရှိသင်တန်းကို တက်ရောက်သည့် AAတပ်ဖွဲ့ဝင်များ သင်တန်းဆင်း  

ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် အရာရှိလေ့ကျင့်ရေးသင်တန်းကို တက်ရောက်ကြသည့် AA တပ်ဖွဲ့ဝင် (၃၀၀)ကျော် သင်တန်းဆင်းပြီ ဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)၏ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဥ်(၃)ကို ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး၊ စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မေလ (၂၀)ရက်နေ့၌ သင်တန်းအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ကြောင်း AA မှ သတင်းထုတ်ပြန်သည်။

သင်တန်းကာလ (၁) နှစ်နှင့် (၇)လနီးပါး ကြာမြင့်ခဲ့သည့် အရာရှိလေ့ကျင့်ရေးသင်တန်းကို ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ သင်တန်းသူ၊ သင်တန်းသား (၃၂၆)ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ အရာရှိများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့တွင် အရာရှိလောင်း အဖြစ် အသိအမှတ်ပြုသည့် အခမ်းအနားပြုလုပ်ခဲ့ကာ (၁၁)လခန့်အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သည့် စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ပေါ်ထွန်းလာရေးနှင့် ရက္ခိုင်ဒေသအတွင်းရှိ ရက္ခိုင်ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေးစသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် ရက္ခိုင့်တပ်တော်(AA) ၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉)နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁)အား ကချင်ပြည်နယ်တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့ပြီး အမှတ်စဉ် (၂)ကိုလည်း ကချင်ပြည်နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း AA မှ ဆိုသည်။

ရက္ခိုင့်တပ်တော်၏ အရာရှိသင်တန်း၊ အမှတ်စဉ် (၄)နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာထားပြီး ဖွင့်လှစ်မည့်အချိန်တွင် ရက္ခိုင်ပြည်သူများကို အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်အရသိရသည်။

#TachileikNewsAgency

Photo: AA Info Desk