မြန်မာပြည်အတွက် ထောက်ပံ့မှုများ မရပ်ဆိုင်းရေး အမေရိကန်အစိုးရထံ ဆက်သွယ် ပြောကြားသွား ရန်ရှိသည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပြုလုပ်သည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း စာရှင်းလင်းပွဲတွင် ဝန်ကြီးဒေါ်ဇင်မာအောင်က Tachileik News Agency ၏ မေးမြန်းမှုကို ပြန်လည် ပြောဆိုခြင်းဖြစ်သည်။
“ပြန်လည်သုံးသပ်နေတဲ့ကာလမှာ မြန်မာပြည်အရေးနဲ့ပါတ်သက်လို့ အကူအညီထောက်ပံ့မှုတွေက အမေရိကန်ပြည်ထောင်စုအတွက် လုပ်သင့်၊ လုပ်ထိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာဖြစ်တယ်ဆိုတာကိုတော့ ကျွန်မတို့ဆက်လက်ပြီးတော့ ဆက်သွယ်ပြောကြားသွားဖို့ရှိပါမယ်။”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က နိုင်ငံတကာထံပို့ဆောင်သော အထောက်အပံ့များကို ပိတ်ပင်ကြောင်း အမိန့်ကြောင့် ဇန်နဝါရီလ(၂၇)ရက်နေ့ကစတင်၍ ထိုင်း - မြန်မာနှစ်နိုင်ငံဘက်ခြမ်းရှိ ဒုက္ခသည်စခန်းများမှ ဆေးရုံများအား ပိတ်လိုက်ရပြီး အရေးပေါ် လူနာများမှလွဲ၍ ကျန်လူနာများကို ဆေးရုံဆင်းခိုင်းရသည်အထိ ဖြစ်ခဲ့သည်။
ထောက်ပံ့မှုများ ရပ်ဆိုင်းခံလိုက်ရသဖြင့် အမျိုးသမီး၊ မိခင်၊ ရောဂါဝေဒနာခံစားနေရသူများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေအတွက် ပုံမှန်ပေးနေသည့် ဆေးဝါးအထောက်အပံ့လည်း ရပ်နားထားလိုက်ရသည်ဟု သိရသည်။
“သမ္မတ ထရမ့်ရဲ့ လုပ်ပိုင်ခွင့်အမိန့်ကိုတော့ ဘယ်သူကမှ တားလို့မရတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ ဆိုင်းငံ့ကာလမှာတော့ ကျွန်မတို့ အခက်အခဲတော့ရှိပါတယ်။ အခက်အခဲတော့ ကြုံရပါမယ်။ လက်တွေ့ကို နယ်စပ်က ဒုက္ခသယ်တွေအတွက်တော့ သက်ရောက်မှုရှိနေတာပဲဖြစ်ပါတယ်။ အဲဒီ သက်ရောက်မှုရှိ တဲ့အခါတွေမှာတော့ ကျွန်မတို့ သက်ဆိုင်ရာအစိုးရအဖွဲ့ထဲက လူသားစာနာ၊ ကျန်းမာ ရေးဝန်ကြီးဌာန တွေအနေနဲ့ ဘယ်လိုမျိုးပေါင်းစပ်ပြီးတော့ ကြားကာလမှာ အခြားသော ထောက်ပံ့မှုက ရနိုင်မလဲဆိုတဲ့ဟာတွေကို နည်းလမ်းရှာဖွေပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါမယ်။”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ထို့အပြင် ဆိုင်းငံ့ကာလပြီးနောက် အထောက်အပံ့များ ပြန်လည်ပေးအပ်မည်ဆိုပါကလည်း ဖြတ်တောက်ခြင်းများ မပြုလုပ်ရန်၊ မြန်မာ့အရေးကို အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးအနေဖြင့် ဆက်ရှိနေစေရန် ဆောင်ရွက်သွားရန်ရှိသည်ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။
သမ္မတ ထရမ့်၏ လုပ်ပိုင်ခွင့်အမိန့်ညွန်ကြားချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက အဆိုပါကိစ္စ ရပ်များအား ပြန်လည်သုံးသပ်၍ ပြင်ဆင်ခြင်းများလည်း လုပ်ဆောင်နေသည်ဟု သိရသည်။
“နိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ ရက်ပေါင်း ၉၀ အတွင်းမှာ ထုတ်ပြန်တဲ့ ဒီကန့်သတ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီးတဲ့အခါကျတော့ တချို့အကူအညီတွေကတော့ ဆက်ပြီးပေးဖို့ဆိုပြီးတော့ ပြန်ခွင့်ပြုတာမျိုးလည်းရှိတယ်။”ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်မိုးဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပါတ်သက်ပြီး မြန်မာနွယ်ဖွားအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ သက်ဆိုင်ရာတာဝန်ရှိ သူများထံ အကြောင်းကြားခြင်း၊ ပြောဆိုခြင်းများလည်းရှိနေပြီဟု ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်းပေါင်း(၉)ခုဖွင့်လှစ်ထားရပြီး ဒုက္ခသည်(၉၀,၀၀၀)ဝန်းကျင် ခို လှုံနေကြရခြင်းဖြစ်သည်။