စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့် မဒေါင်ရွာကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ-ကန့်ဘလူခရိုင်ထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား (၇၀)ဝန်းကျင် အထိုင်ချတပ်စွဲနေသော မဒေါင်ရွာအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ (၅)နာရီကြာမြင့်ခဲ့ပြီး နံနက်(၁၁)နာရီဝန်းကျင်တွင် အပြီးသိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးပြီး (၂၀)ဦးဝန်းကျင် ဒဏ်ရာရကာ လွှတ်တိုက်ရွာအရှေ့ဘက်သို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။
စစ်ကောင်စီထံမှ MA-1 တစ်လက်၊ ၅.၅၆ ကျည် (၄၆၀)တောင့်၊ ကျည်ဘောက် (၅)ခု၊ နင်းမိုင်း အကြီး တစ်လုံး၊ အသေး (၆)လုံး၊ ဦးထုပ် (၂)လုံးနှင့် icon တစ်လုံးတို့ကို တော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရရှိသည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျွန်းလှမြို့ နယ် ကုက္ကိုကုန်းရွာသို့ အင်အား(၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်သည်ဟု ဆိုသည်။
ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံ၊ မြဘုံသာနှင့် မဒေါင်ရွာတို့တွင် အထိုင်ချကာ ကုက္ကိုကုန်း၊ လွှတ်တိုက်၊ ဆွဲလှဲနှင့် မဒေါင်ရွာတို့မှ ပြည်သူပိုင်ပစ္စည်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်မှာ (၇)ကြိမ်ရှိနေပြီဟုလည်း ဆိုသည်။
တော်လှန်ရေးအင်အားစုများ ပြန်လည်သိမ်းပိုက်ရရှိသည့် မဒေါင်ရွာမှာလည်း နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ မီးရှို့ဖျက်ဆီးခြင်းကို နှစ်ကြိမ်ခံခဲ့ရသည်ဟု သိရသည်။
၂၀၂၃ ခုနှစ် မေလ(၃၀)ရက်နေ့က စစ်ကောင်စီတပ်၏ ပထမအကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ်(၈)လုံး မီးလောင်ပျက်စီးခဲ့ရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်း Drone ဗုံးသီးချတိုက်ခိုက်နေခြင်းတို့ကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်လကြာပြီဟုလည်း သိရသည်။
စစ်ဘေးရှောင်ဦးရေ နှစ်သောင်းအတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အနွေးထည်၊ စောင်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်။
#TachileikNewsAgency
Photo : ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့