ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးဘေးတွင် တရားမဝင် သစ်များ ဖမ်းမိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးဘေးရှိ စားသောက်ဆိုင်တစ်ဆိုင် အနီးတွင်ရပ်ထားသည့် ခရီးသည်တင်ယာဥ်တစ်စီးပေါ်က တရားမဝင်သယ်ဆောင်လာသော တမလန်းနှင့် ပိတောက် သစ်များကို သြဂုတ်လ (၁၉)ရက် နံနက် အစောပိုင်း၌ စစ်ဆေးရေးအဖွဲ့က တွေ့ရှိကာ ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
၂၀၂၀ခုနှစ် သြဂုတ်လ (၁၉)ရက်၊ နံနက် (၂)နာရီခွဲဝန်းကျင်အချိန်က ကျောက်မဲမြို့မှ သီပေါဘက် အထွက် နှင်းတောင်တန်း ( ၁ ) စားသောက်ဆိုင်အနီး၌ ရပ်ထားသော ခရီးသည်တင်ယာဥ်အား စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာမှ ယာဥ်အတွင်း သိုဝှက်သယ်ဆောင်လာသော တမလန်းသစ်နှင့် ပိတောက် သစ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယာဥ်နှင့် ယာဥ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် တမလန်းသစ် (၂၅) ချောင်း၊ ပိတောက်သစ် (၁၇)ချောင်း စုစုပေါင်း ( ၁.၆ )တန်ကို မြို့နယ်သစ်တောဦးစီးဌာန ရုံးတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
သစ်များအား တရားမဝင် သယ်ဆောင်လာသော ယာဥ်မောင်း ရှိန်းကိုကိုနှင့် ယာဥ်နောက်လိုက် အောင်မင်းစိုး တို့ကို ကျောက်မဲမြို့မ ရဲစခန်းတွင် သစ်တောဥပဒေ ပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်