တလိုင်းရွာကို စစ်ကောင်စီတပ်ဗုံးကြဲ သံဃာတစ်ပါးနှင့် ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

တလိုင်းရွာကို စစ်ကောင်စီတပ်ဗုံးကြဲ သံဃာတစ်ပါးနှင့် ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးနှင့် ကလေးတစ်ဦးအပါအဝင် (၅)ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီး ပစ်သတ်ခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအိပ်နေချိန်ဖြစ်၍ ရွာဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်၊ (၈)လသား ကလေးတစ်ဦးနှင့် မိခင်ဖြစ်သူ အသက် (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရသည်ဟု Sagain District Medical Teamထံမှ သိရသည်။



"လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကံဦးကျောင်းက သံဃာတစ်ပါး၊ (၈)လသားအရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးတယ်။ မြေပြင်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုခံရပြီး တလိုင်းရွာသားတစ်ဦး ရွာထဲမှာ သတ်ခံရတယ်။ ဆယ်ဦးအထက် ဆက်လက်ဖမ်းဆီးခံရပြီး ၀က်လက်မြို့နယ် ပဲ့သူကြီးရွာသို့ စစ်ကြောင်းထိုးသွားတယ်။"ဟု Sagain District Medical Teamမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တလိုင်းရွာ ကံဦးဘုန်းကြီးကျောင်းတွင် စဉ့်ကိုင်နှင့် တလိုင်းရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံး(၂)လုံး ကြဲချသွားပြီးနောက် ရေကြောင်းမှ စက်လှေများဖြင့် ကမ်းကပ်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကလည်း တလိုင်းရွာကို  ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မနေ့ညက ရှိမ္မကားဘက်ကနေ စုန်လာတဲ့ သံခွန်နဲ့ စစ်ကောင်စီတပ်တွေ စဉ့်ကိုင်ဘက်ကနေဖြတ်တက်ပြီး အပေါ်ကလေကြောင်းနဲ့ ပစ်ကူလာချိန် မြေပြင်ကနေ စစ်ကြောင်းထိုးလာတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးနေဆဲဖြစ်ကာ စဉ့်ကိုင်ရွာမှ သံခွန်(သင်္ဘော)များလည်း ဆုတ်ခွါခြင်းမရှိသေးဟု သိရသည်။

#TachileikNewsAgency