နိုင်ငံကူးလက်မှတ် (PV)အမျိုးအစားဖြင့် ထွက်ခွါမည့် လူငယ်များကို ရန်ကုန်လေဆိပ်တွင် ရဲများက စစ်ဆေးကာ ပြန်လွှတ်နေသည်မှာ ရာနှင့်ချီရှိနေ

နိုင်ငံကူးလက်မှတ် (PV)အမျိုးအစားဖြင့် ထွက်ခွါမည့် လူငယ်များကို ရန်ကုန်လေဆိပ်တွင် ရဲများက စစ်ဆေးကာ ပြန်လွှတ်နေသည်မှာ ရာနှင့်ချီရှိနေ

ရန်ကုန်လေဆိပ်မှ တဆင့် ပြည်ပနိုင်ငံများသို့ နိုင်ငံကူးလက်မှတ် (PV)အမျိုးအစားဖြင့် သွားမည့် လူငယ်များကို လေဆိပ်ရဲက ပြည်ပထွက်ခွင့်မပေးဘဲ ပြန်လွှတ်နေရာ လူဦးရေရာချီနေပြီဖြစ်ကြောင်း ပြန်လွှတ်ခံရသူများနှင့် အေးဂျင့်များထံမှ သိရသည်။

ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ခွါမည့် အသက်(၂၀)နှစ်နှင့် (၄၀)နှစ်ကြားလူငယ်များနှင့် လူလတ်ပိုင်းများကို လေဆိပ်ရဲက နိုင်ငံကူးလက်မှတ် (PV)အမျိုးအစားဖြင့်သွားမည့်ဆိုပါက အကြောင်းပြချက်မရှိဘဲ ပြန်လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“တချို့တွေက PV အသစ်တွေဆို လွတ်တယ်ပဲပြောနေကြတာ။ မနေ့က(ဩဂုတ် ၂၁)တော့ တော်တော်များများ ပြန်လှည့်ကြရတာ။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ သူတို့လုပ်ချင်တိုင်းလုပ်နေကြတာ။ ပထမဆုံးထွက်တာမှ မဟုတ်ဘူး။ အကြိမ်ကြိမ်ထွက်ထားလဲ ဘာမှမဆိုင်ဘူး။ ပေးမထွက်ဘူး။”ဟု ပြည်ပနိုင်ငံသို့ နှစ်ကြိမ်မြောက် သွားမည်ဖြစ်သော်လည်း ထွက်ခွင့်မရသူတစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့တွင် ပြောသည်။

ယင်းကဲ့သို့ ပြန်လွှတ်ခံရသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ပြီး နေ့စဉ်လူဦးရေ ရာချီပြန်လွှတ်ခံနေရပြီဖြစ်ပြီး လေကြောင်းလိုင်းက ခွင့်ပြုသော်လည်း လဝကသို့ မရောက်ခင် လေဆိပ်ရဲမှစစ်ဆေးပြီး ပြန်လွှတ်နေခြင်းဖြစ် ည်ဟု အေးဂျင့်များက ဆိုသည်။ 

“တချို့တွေက မယုံကြပါဘူး။ Passport ထဲ ပိုက်ဆံမထည့်ပေးလို့ဆိုပြီး ပြောပါတယ်။ လုံးဝ မရတာပါနော်။ အဲဒီလိုလုပ်ပေးတော့ သူတို့က ဘာပြောတယ်ထင်လဲ။ နင်တို့ပါမက ငါပါထောင်ကျသွားမယ်ဆိုပြီး ပြောပါတယ်။ PV ဆိုတာနဲ့ကို တန်းပြန်ခိုင်းတာပါ။ တခြားသူတွေလည်း အများကြီးပဲ နိုင်ငံတွေလည်း အစုံပဲ။ အခု နယ်တောင် ပြန်လို့ မရတော့ဘူး။ ရန်ကုန်မှာပဲနေ နေရတယ်။ တချို့က ကြောက်တဲ့ပုံပြလို့။ ပုံတုံးကြီးကြီးဝတ်သွားလို့၊ ဘာညာ ဆိုပြီးပြောကြတယ်။ တကယ်တော့ သူတို့က ဂရုစိုက်တာ မဟုတ်ဘူး။ Passport ပဲလှန်ကြည့်ပြီး ပြန်လွှတ်တာ။” ဟု ပြည်ပထွက်ခွါခွင့်မရသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ(၁၄)ရက်နေ့က ပြည်ပနိုင်ငံများသို့ အလည်အပတ် နိုင်ငံကူးလက်မှတ် PV အမျိုးအစား ကိုင်ဆောင်သူများသည် အလည်အပတ်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများလျှောက်ထားရယူ၍ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းသို့ PV အမျိုးအစား ပတ်စပိုစ့်ကိုင်ဆောင်၍ ပြည်ပသို့ထွက်ခွာပါက လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ စိစစ် တားမြစ်ခြင်းခံရလျှင် မလိုလားအပ်သည့် ဆုံးရှုံးမှု မဖြစ်ပေါ် စေရန် ယင်းသို့ထုတ်ပြန်သည်ဟုဆိုကာ ထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်မည့်သူတိုင်းကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC)ရရှိမှသာ ပြည်ပသို့ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ပြည်ပသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင် အတွက်ထုတ်ပေးသည့် Passport for Job (PJ) ဖြင့် သွားရောက်ရမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဟုလည်း ထုတ်ပြန်ထားသည်။