မတ္တရာမြို့နယ်တွင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး ရေမြောင်းထဲပစ်ချ

မတ္တရာမြို့နယ်တွင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး ရေမြောင်းထဲပစ်ချ

မန္တလေးတိုင်း မတ္တရာမြို့နယ် ရှမ်းမြောင်းရွာအနီးတွင် အသက်(၂၀)ဝန်းကျင်အရွယ် လူငယ်အမျိုးသား (၃) ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ကာ ရေမြောင်းထဲ ပစ်ချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သားများသည် ၂၀၂၄ ခုနှစ် ဇွန်လ (၄)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်က အမည်မသိ လူငယ်(၃)ဦးကို ဖမ်းဆီးလာပြီး ရှမ်းမြောင်းရွာ အနောက်ဘက်တွင် ပစ်သတ်ကာ ရေမြောင်းအတွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဘယ်ကဖမ်းလာလဲ မသိဘူးဗျ။ ဖမ်းလာတာပဲ။ အသက်(၂၀)ကျော်အရွယ်လေးတွေ။ စစ်ကောင်စီတပ်က ပစ်သတ်သွားတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရှမ်းမြောင်းရွာသည် မတ္တရာမြို့နှင့် (၃)မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်များ မကြာခဏဖြတ်သန်းသွားလာနေသည့် နေရာဖြစ်သည်ဟု သိရသည်။

"စစ်ကောင်စီက တခါတလေကျ အချုပ်သားတို့၊ ထောင်သားတို့ပေါ့နော် ဖမ်းလာပြီးတော့မှ ကားလမ်းနဘေးမှာ လူခြေတိတ်တဲ့အချိန်မှာ ပစ်သတ်ပြီးတော့မှ PDF လုပ်တယ်လို့ ဝါဒဖြန့်တာမျိုးတွေလည်းရှိတယ်။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ပစ်သတ်ပြီးနောက် လူငယ်(၃)ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ပြန်လည်ကောက်ယူသွားသည်ဟု သိရသည်။

"အကြောက်တရား ပေးချင်လို့ ယူဆတယ်။ ပြည်သူတွေကို သိအောင် သတ်ပြတာလို့ ယူဆတယ်။"ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။

#TachileikNewsAgency