ပုဂံဘုရားဖူးသွားသည့် လူငယ်တစ်စု ဟိုတယ်အတွင်း ဝင်ရိုက်ခံရကာ တစ်ဦး ဦးခေါင်း ကြေမွဒဏ်ရာဖြင့်သေဆုံး ၄ ဦးဒဏ်ရာရ

ပုဂံဘုရားဖူးသွားသည့် လူငယ်တစ်စု ဟိုတယ်အတွင်း ဝင်ရိုက်ခံရကာ တစ်ဦး ဦးခေါင်း ကြေမွဒဏ်ရာဖြင့်သေဆုံး ၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် လာရောက် တည်းခိုသူ လူငယ်များကို ဟိုတယ်ဝန်ထမ်းနှင့် အပေါင်းအပါများက ဟိုတယ်အခန်းအတွင်းထိ ဝင်ရောက်ရိုက်နှက်မှုကြောင့် တစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရကြောင်း မိသားစုဝင်များထံမှ သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ Cheri Land River House ဟိုတယ်တွင် လာရောက်တည်းခိုသည့် လူငယ်(၇)ဦးအနက် (၅)ဦးကို လူ(၁၅)ဦးဝန်းကျင်က အခန်းတွင်းသို့ ဝင်ရောက်ရိုက်နှက်ခြင်းကြောင့် တစ်ဦးမှာ ဦးခေါင်ကြေမွဒဏ်ရာဖြင့် သေဆုံးသွားပြီး ကျန်(၄)ဦးမှာ ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

“သူငယ်ချင်း(၇)ယောက် ပုဂံကို ခရီးထွက်တယ်။ သူတို့သောကြာနေ့ညဘက်မှာရောက်ပါတယ်။ စနေနေ့မှာ ဘုရားဖူးတယ်။ စနေနေ့ညမှာကတည်းက သောက်တယ်။ Bluetooth ကိုလည်း စနေနေ့ညဘက်မှာကတည်းကဖွင့်တယ်။ ဟိုတယ်က မြစ်ဘေးနားမှာဖွင့်တဲ့ ဟိုတယ်၊ ဟိုတယ်နဲ့ ကန်ဘောင်နဲ့က အဝေးကြီးပဲ။ အဲဒီကန်ဘောင်ပေါ်မှာဖွင့်တဲ့ လက်တဆုတ်စာ Speaker က ဘယ်လောက် ကျယ်မှာလဲဗျာ။ တနင်္ဂနွေနေ့ကျတော့ မနက်ပိုင်း လျှောက်သွားတယ်။ ည(၇)နာရီလောက်မှာ မြစ်ဘေးနားက ကန်ဘောင်ပေါ်မှာပဲ သောက်ရင်းစားရင်း အဲဒီလို Speaker ဖွင့်ပြီးတော့ သီချင်းထပ်ပြီးဆိုကြတော့ လာပြောတယ်။ ဒီဘက်ကလူတွေကလည်း သောက်ထားတော့ ကတောက်ကဆဖြစ်မှာပဲ။ အဲဒီလိုလာပြောတာလည်း ဟိုတယ်ဝန်ထမ်းက လာပြောတာ။ ပြဿနာတက်တဲ့အဆင့်ထိတောင် မရောက်သွားဘူးဗျ။ အကြီးအကျယ်စကားများတဲ့အဆင့်အထိ မရောက်ဘူး။”ဟု မိသားစုဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့နောက် လူငယ်(၇)ဦးက Bluetooth Speaker ကို အသံတိုးပြီးနောက် ခဏအကြာတွင် ပိတ်လိုက်ပြီး လူငယ်(၅)ဦးမှာ အခန်းသို့ပြန်ပြီး (၂)ဦးမှာ အဆိုပါနေရာတွင် ကျန်ရစ်ခဲ့ကြသည်ဟု ဆိုသည်။

လူငယ်(၅)ဦး အခန်းတွင်းသို့ ပြန်ဝင်သည့်အချိန်တွင် အနောက်မှလိုက်ရိုက်ခြင်းဖြစ်၍ နောက်စေ့ကြေမွဒဏ်ရာဖြင့် ကိုရဲထက်နိုင်(၂၅)နှစ်မှာ သတိမေ့လဲကျသွားပြီး ကျန်(၄)ဦးကိုလည်း ဝိုင်းရိုက်ကြသဖြင့် ဦးခေါင်း၊ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာများရရှိကြသည်ဟု ဆိုသည်။

“ဦးခေါင်းရိုက်ခံရလို့ (၁၅)ချက်ချုပ်ခံရသူတစ်ဦးပါတယ်။ သူမှတ်မိတာဆိုလို့ ဟိုတယ် ယူနီဖောင်းနဲ့က လူနည်းနည်းပဲပါတယ်။ အရပ်ဝတ်နဲ့ နယ်ခံတွေပါတယ်။ ရိုက်တဲ့သူတွေကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကန်လိုက်၊ ရိုက်လိုက်လုပ်ကြတာ။ မြစ်ဘေးနားမှာ သောက်နေတဲ့နှစ်ယောက်ကပြန်လာတော့ လဲနေသူကို ခေါ်ထုတ်ပြီး ဆေးရုံသွားဖို့ပြောတာကို တံခါးမဖွင့်ပေးဘူး။ သူတို့နှစ်ယောက်ကိုပါ လိုက်ရိုက်တာ မြစ်ဘေးနားက ကန်ဘောင်မှာ ပတ်ပြေးရင်း ပုန်းနေရင်း ရဲစခန်းကို အကြောင်းကြား ရဲပါလာမှ ထုတ်ပေးတာ။”ဟု ၎င်းကဆက်ပြောသည်။

ရဲများ ဟိုတယ်ရောက်ချိန်တွင် ရိုက်ခံရသူ(၄)ဦးမှာ သတိရှိသေးပြီး ကိုရဲထက်နိုင်မှာ သတိမရှိတော့၍ ညောင်ဦးဆေးရုံပို့ရာ လက်မခံသဖြင့် မန္တလေးဆေးရုံသို့ ထပ်မံတင်ပို့ရာက ဆေးကုသပေးရန် အချိန်ကြာမြင့်ခဲ့သည်ဟုလည်း သိရသည်။

တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ အရိုက်ခံရသူ ကိုရဲထက်နိုင်မှာ အင်္ဂါနေ့တွင် သေဆုံးသွားရာ ယနေ့ နိုဝင်ဘာလ(၈) ရက်နေ့တွင် သင်္ဂြုလ်သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဟိုတယ်ဘက်က ပြန်လည်ဖြေရှင်းပေးခြင်းမရှိသည့်အပြင် လူအများအပြားက ဝေဖန်လာကြခြင်းကြောင့် ဟိုတယ်၏ Facebook Page ကို ဖျက်ချလိုက်သည်ကို တွေ့ရသဖြင့် Tachileik News Agency အနေဖြင့် ဟိုတယ်ဘက်ကို ဆက်သွယ်မေးမြန်းမရဖြစ်နေသည်။

#TachileikNewsAgency