ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကျူးကျော်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ် အပါအဝင် BGF နှင့် KNLA ၊ KNDO တို့အကြား မတ်လအတွင်း တိုက်ပွဲပေါင်း (၅၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ (၄၂၉)ဦးသေကာ (၂၆၀)ဦး ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်လာသည်။
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ကား (၃၅)စီး ကို ဖျက်ဆီးနိုင်ခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တို့ဘက်မှ (၂၂)ဦး ကျဆုံးခဲ့ရကာ (၃၅)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များ နှင့် နယ်ခြားစောင့်တပ်(BGF) များသည် ကျေးရွာ နှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ (၂၅)ဦး သေဆုံးခဲ့ရပြီး (၃၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ ထိုးစစ်ဆင် ရမ်းသမ်းပစ်ခတ်မှုများကြောင့် KNU ၏ ထိန်းချုပ်နယ်မြေအတွင်းမှ ပြည်သူ (၁)သိန်းကျော်မှလည်း အိုးအိမ်များကို စွန့်ခွာထားခဲ့ရပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သတင်းထုတ်ပြန်ထားရှိသည်။