မင်းလှမြို့နယ် တင်တဲကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၁၅ ချက်ပစ်ခံရ

မင်းလှမြို့နယ် တင်တဲကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၁၅ ချက်ပစ်ခံရ

ပဲခူးတိုင်း မင်းလှမြို့နယ် တင်တဲကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် သေနတ်ဖြင့် (၁၅)ချက် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရသည်။

မင်းလှမြို့ပေါ်မှ ဆိုင်ကယ်စီး၍ ပြန်လာသည့် ဆင်တဲကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သန်းမြင့်အား စိန်ပုရွာထိပ်၌ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)နှင့် တပ်ခွဲ(၃) ရဲဘော်များက သေနတ်ဖြင့် (၁၅)ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အုပ်ချုပ်‌ရေးမှူးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၎င်းထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းတစ်လုံး၊ ဓားတစ်လက်၊ ပေကြိုးတစ်ခုနှင့် စာရွက်စာတန်းတချို့ကို သိမ်းဆည်းရရှိသည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)ထံမှ သိရသည်။ 

အုပ်ချုပ်ရေးမှူး သန်းမြင့်သည် လူငယ်များအား စစ်မှုထမ်းရန် ခြိမ်းခြောက်ဖိအားပေးလူစုကာ ငွေကြေးကောက်ခံခြင်း၊ တောင်သူများထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံခြင်း၊ ၎င်း၏ ဇနီးဖြစ်သူအား စိန်နားကပ်ဝယ်ပေးရန်အတွက် စကစများထုတ်ပေးထားသည့် လက်နက်အားကိုးဖြင့် ပြည်သူများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူရခြင်းဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

ဆက်လက်၍လည်း မင်းလှမြို့နယ်အတွင်းရှိ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ်လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency