ဖားဆောင်းမြို့ရှိ စစ်ကောင်စီကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

ဖားဆောင်းမြို့ရှိ စစ်ကောင်စီကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
မေ 13, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ၂၀၂၄ခုနှစ် မေလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း ကလလတဗျူဟာ(၁)မှ သတင်းထုတ်ပြန်သည်။

ခလရ (၁၃၅) နယ်မြေအတွင်းရှိ အဆိုပါ စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး MAကျည်၊ အီနာကာကျည်၊ ၁၄မိုင်း၊၁၆မိုင်း၊ ၁၈မိုင်း၊ လက်ပစ်ဗုံး၊ G3ကျည်နှင့် MAကျည်ဘောက်များကို သိမ်းဆည်းရမိကြောင်း ကလလတဗျူဟာ(၁)မှ ဆိုသည်။

စစ်ကောင်စီကာကင်းကို ကလလတဗျူဟာ(၁)၊ ၉၄၂၀ တပ်ရင်း ညွှန်ကြားရေးမှူးမှ ဦးဆောင်ကာ ကြယ်ဖြူ KNS Army နှင့် စစ်နည်းဗျူဟာ(၁)လက်အောက်ရှိ (၄၈၇၈) တပ်ရင်း၊ KA D-1 Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့နှင့် ကွန်မန်ဒိုအထူးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အဆိုပါစခန်းကုန်းတွင် တပ်စွဲ၍ ခလရ (၁၃၄) နှင့် (၁၃၅) တပ်ရင်းများကို အနီးကပ် စောင့်ကြည့်၍ သိမ်းပိုက်ရန် ပြင်ဆင်ထားကြောင်း ကလလတဗျူဟာ(၁)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: K P L Army - 1st Tactical Operations Command