ထိုင်းနယ်စပ်အရေး UWSA က မီဒီယာများကို အပြစ်တင်

ထိုင်းနယ်စပ်အရေး UWSA က မီဒီယာများကို အပြစ်တင်

ထိုင်း-မြန်မာနယ်စပ်က "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ တပ်စခန်းများကို ဖယ်ရှားပေးရန် ထိုင်းအစိုးရဘက်က တောင်းဆိုမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာများက ကောလဟာလသတင်းများ မဟုတ်မမှန်ရေးသားသည်ဟု UWSA က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် တရုတ်ဘာသာဖြင့် ထုတ်ပြန်အပြစ်တင်သည်။

နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းက UWSA ၏ တပ်စခန်း (၇)ခုကို ဒီဇင်ဘာလ (၁၈)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရန် ထိုင်းတော်ဝင်စစ်တပ်က အကြောင်းကြားလာမှုကို ထိုင်း-မြန်မာသတင်းဌာနများက ရေးသားထုတ်ဝေခဲ့ကြသည်။

အဆိုပါ အခြေအနေများအပေါ်  မြန်မာပြည်တွင်း၊ ပြည်ပအပြင် တခြားသောမီဒီယာများက ထိုင်းနှင့် UWSA တပ်တို့အကြား စစ်ရေးတင်းမာမှု ကောလဟာလသတင်းများအား မဟုတ်မမှန်ရေးသားကြသဖြင့် လူထုအကြား မလိုလားအပ်သော စိုးရိမ်မှုများရှိခဲ့သည်ဟု "ဝ" ပြည်နယ် ပြင်ပဆက်ဆံရေးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကို Tachileik News Agency က ယနေ့နံနက်ပိုင်းကစတင်၍ ဆက်သွယ်ထားသော်လည်း ညပိုင်းအထိ ဖြေဆိုခြင်းမရှိဘဲ မှတ်ချက်ပေးရန် ငြင်းဆန်သည်။

UWSA ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့သည် ထိုင်းစစ်တပ်၏ ရန်သူမဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားမည့် စစ်ရေးသတင်း အမှားများအား မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားသည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ဆိုထားသည်။ 

လက်ရှိ ကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား ငြိမ်းချမ်းရေးသည်သာ အဓိကလမ်းကြောင်းဖြစ်ခြင်းကြောင့် "ဝ" ပြည်နယ် အနေဖြင့်လည်း ငြိမ်းချမ်းရေးကိုသာလိုလားပြီး သတင်းအမှားများကို သေချာစီစစ်ပြီးမှ ယုံကြည်ကြရန် တိုက်တွန်းသည်ဟု ဆိုသည်။ 

UWSA ၏ ဒေသ(၁၇၁) ဧရိယာအတွင်းက နယ်မြေ(၉)ခုကို ထိုင်းစစ်တပ်ဘက်က ဖယ်ခိုင်းသည်မှာ မှန်သည်ဟုလည်း UWSA ဘက်ကအတည်ပြုထားသည်။

“အဲဒီဒေသက အရင်တုန်းက ရှမ်းလူမျိုးတွေနေထိုင်ကြတာ။ နောက်ပိုင်းတော့ ဒေသခံတွေက ထိုင်းဘက်မှာပဲ နေချင်တဲ့ ပုံစံကိုတွေ့ရတယ်။”ဟု အဆိုပါဒေသအခြေအနေကိုသိသူ ထိုင်းရောက် ရှမ်းလူမျိုးတစ်ဦးက Tachileik News Agency ကို ပြောသည်။

မယ့်ဟောင်ဆောင်၊ ဒွိုင်ဟာမာ၊ နောင်လျန်ဒေသများတွင် အခြေစိုက်ထားသော နှစ်ဖက်တပ်များကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟု ထိုင်းမီဒီယာများက ရေးသားသည်။

#TachileikNewsAgency