ရှမ်းမြောက် ပဋိပက္ခများ တန်ယန်းဘက်သို့ ကူးမလာရန် စစ်ကောင်စီနှင့်ညှိနှိုင်းပြီး ကြိုတင်ကာကွယ်ခြင်းဖြစ်ဟု UWSA ပြော

ရှမ်းမြောက် ပဋိပက္ခများ တန်ယန်းဘက်သို့ ကူးမလာရန် စစ်ကောင်စီနှင့်ညှိနှိုင်းပြီး ကြိုတင်ကာကွယ်ခြင်းဖြစ်ဟု UWSA ပြော
ဇူလိုင် 11, 2024 | 2021 Military Coup| ရှမ်းမြောက်

တိုက်ပွဲများပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီး တန့်ယန်းမြို့ကို UWSA တပ်အင်အား ထောင်နှင့်ချီ ရောက်ရှိနေပြီး ရှမ်းမြောက်ကပဋိပက္ခများ တန်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်ခြင်းဖြစ်သည်ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးမှ သိရသည်။

၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် UWSA တပ်များသည် တန့်ယန်းမြို့ရှိ ဒေသခံများ၊ UWSA မိသားစုများ၏ တောင်းဆိုချက်အရ အင်အား(၂၀၀၀)ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ လားရှိုးနှင့် (၈၆)မိုင်ခန့်ဝေးသည့် တန့်ယန်းမြို့အတွင်းသို့ စစ်ကောင်စီနှင့်ညှိနှိုင်းကာ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် စိုးရိမ်နေကြတဲ့ဒေသခံနဲ့ ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလကျနော်တို့ရဲ့ ဘက်မလိုက်မူဝါဒကို ကျင့်သုံးပြီး ပဋိပက္ခဖြစ်ပွားမှုကိုလည်း လက်ခံမှာမဟုတ်ပါဘူး။ တန့်ယန်းဒေသ တည်ငြိမ်အေးချမ်းရေးလိုလားပြီး အဘက်ဘက်အတွက်လည်း အကျိုးရှိမယ်လို့ယုံကြည်ပါတယ် ။”ဟု UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က Tachileik News Agency ကိုပြောသည်။

တန့်ယန်းမြို့သို့ ဝင်ရောက်လာသည့် USWA တပ်များမှာ ထိုင်းနယ်စပ် အမှတ် (၁၇၁)စစ်ဒေသမှ အင်အား (၁၅၀၀)ကျော်နှင့် တပ်မဟာ(၃၁၈)မှ အင်အား (၅၀၀)ကျော်တို့ဖြစ်ကြောင်း သတင်းများထွက်နေသော်လည်း UWSAဘက်က သီးခြားအတည်မပြုသည့်အပြင် လားရှိုးဘက်သို့ ဆက်လက်ချီတက်နေသည်ဆိုသော သတင်းကိုမူ အတည်ပြုပေးခြင်းမရှိပါ။

ပြီးခဲ့သည့် ဇန်နဝါရီလက ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များသည် ဟိုပန်မြို့နှင့် ပန်လုံမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး USWA ထံလွှဲအပ်ခဲ့ရာ ဇန်နဝါရီလ (၁၀)ရက်နေ့တွင် UWSAက ၎င်းတို့ထိန်းချုပ်နယ်မြေအဖြစ် လက်ခံရယူခဲ့သည်။ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအဖြစ် TNLA နှင့် MNDAA တို့သည် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်၊ လားရှိုးမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေပြီး နောင်ချိုမြို့ကို TNLAက ယမန်နေ့က သိမ်းပိုက်ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency