လောက်ကိုင်မြို့ရှိ ဆေးရုံနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

လောက်ကိုင်မြို့ရှိ ဆေးရုံနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

ကိုးကန့်(MNDAA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် လေကြောင်းမှဗုံးကြဲရာ ပြည်သူ့ဆေးရုံနှင့် အဆောက်အဦးများ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ (၁၀)နာရီတွင် တစ်ကြိမ်၊ ယနေ့ နံနက်(၁)နာရီဝန်းကျင်တွင် တစ်ကြိမ် ပေါင်(၅၀၀) ဗုံးများကြဲချရာ အဆောက်အဦးများစွာပျက်စီးသွားပြီးနောက် MNDAA က စစ်ဆေးရေး တပ်ကြပ်နေသည်ဟု သိရသည်။

“မနေ့ကညပိုင်းတစ်ကြိမ်ကြဲတယ်။ ဒီနေ့ မနက်ပိုင်းတစ်ကြိမ်ကြဲတာ။ အပျက်အစီးတော့များတယ်။ ဒီတစ်ကြိမ်နဲ့ဆို လောက်ကိုင်ကို (၄)ကြိမ်မြောက်ဗုံးကြဲတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဉ်(၂)စီးဖြင့် ကျင့်ရှမ်းချိန်ဒေသ မူလ(၃၁၁)ရင်ပြင်အနီးရှိ ရပ်ကွက်များအပြင် ဆေးရုံကိုလည်း ဗုံးကြဲချခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှုကိုမှု MNDAA ဘက်က ထုတ်ပြန်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဇူလိုင်(၁၄)ရက်မှစတင်ပြီး နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က လောက်ကိုင်မြို့ကို (၄)ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့ပြီး ၎င်းတို့ဗုံးကြဲချိန်တွင် MNDAA သည် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:CJ