ဆိပ်ဖြူ-ဆောလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ယာဥ်ကို PDF တပ်များ မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်

ဆိပ်ဖြူ-ဆောလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ယာဥ်ကို PDF တပ်များ မိုင်းခွဲကာ ပစ်ခတ်တိုက်ခိုက်
အောက်တိုဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဆိပ်ဖြူ-ဆောလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ ညပိုင်းတွင် ပဒေသာမိုင်းခွဲပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Caf-Spupdf ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၁)ထံမှ သိရသည်။

ဆိပ်ဖြူ-ဆောလမ်းပိုင်းမှလာသည့် စစ်ကောင်စီယာဉ်ကို သပြေရွာအနောက်ဘက် တစ်နေရာတွင် အသင့်စောင့်ကာ မကွေးတိုင်း ပခုက္ကူခရိုင်တပ်ရင်း(၄) တပ်ခွဲ(၁)နှင့် ဆိပ်ဖြူမြေလတ်ပကဖတို့က ပဒေသာမိုင်း (၅)လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းထိုးတာမဟုတ်ပါဘူး။ လမ်းကြောင်းပေါ်သွားနေတာ သတင်းရလို့ စောင့်ပြီး မိုင်းဆွဲတာပါ။ (၄)ကောင်သေဆုံး‌ ယဉ်မောင်းတစ်ကောင် ဒဏ်ရာပြင်းထန်ရရှိပါတယ်။”ဟု Caf-Spupdf ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်နေ့ကလည်း ပခုက္ကူခရိုင်တပ်ရင်း(၄) တပ်ခွဲ(၁)နှင့် ဆိပ်ဖြူမြေလတ် ပကဖတို့သည် ဆော-ဆိပ်ဖြူလမ်းပိုင်း သပြေကုန်းအနောက်ဘက်အဆင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ကပစ(၂၁)မှ ထွက်လာသော ကား(၃)စီးကို ပဒေသာမိုင်း(၆)လုံးဖြင့် မိုင်းခွဲကာ လက်နက်ငယ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တစ်စီး မိုင်းထိကာ ပျက်စီးမှုရှိသည့်အပြင် စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency