ရေဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စပါးဒိုင်ကွင်းအဟောင်းစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ရေဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စပါးဒိုင်ကွင်းအဟောင်းစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးခရိုင် ရေဦးမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စပါးဒိုင်ကွင်းအဟောင်း စခန်းအား ရေဦး PDF ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ဒရုန်းတပ်စုမှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေဦးမြို့ စပါးဒိုင်ကွင်းအဟောင်း စခန်းအား ဇွန်လ (၁၁) ရက်နေ့ နေ့လယ် (၁၁)နာရီခွဲတွင် Fixed Wing Drone များဖြင့် ဗုံးသီး (၈) လုံးချ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှု အသေးစိတ်ကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း ရေဦး PDF မှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း Fixed Wing ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် ရေဦး PDF အဖွဲ့၏ ဇွန်လအတွင်း လေးကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့ကလည်း ရေဦးမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် ဂါဝီဂိတ်စခန်းအား ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF မှ Fixed Wing Drone နှစ်စီးဖြင့် ဗုံးသီး (၃) လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF