(၇၁)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် KNU နယ်မြေများနှင့် ကရင်လူမျိုးများနေထိုင်ရာဒေသများတွင် ကျင်းပနေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ထားသည်။
“(၁၂-၈-၂၀၂၁) ရက်နေ့တွင်ကျရောက်သည့် (၇၁) နှစ်မြောက် ကရင်အာဇာနည်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ကြောင်းနှင့် ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိနေသော ကရင်လူမျိုးများ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်”ဟု သဝဏ်လွှာတွင် ဖေါ်ပြထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာနည်နေ့သို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ခဲ့ပြီး ကချင်လူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုပါသည်ဟု ပေးပို့ထားသည်ကို တွေ့ရသည်။
ကရင့်ခေါင်းဆောင် ကော်ခိုစောဘဦးကြီး၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဘဲဂရက်ကျေးရွာတွင် ပြည်သူများက လွမ်းသူ့ပန်းခွေချခြင်း ၊ ကရင်အာဇာနည်များအား ဂါရဝပြုခြင်း၊ အလေးပြုခြင်းများ မပြုလုပ်ရန် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဘဲဂရက်ရွာအဝင်တွင် နံနက် (၅)နာရီကတည်းက လမ်းပိတ်၍တားမြစ်ခြင်းများလုပ်ဆောင်သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပိုင်ကျုံမြို့နယ် နှင့် အချို့နေရာများတွင် အခမ်းအနားလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: ဒူးပလာယာခရိုင်, KUN Peace Council.