တပ်ချုပ်ရာထူး စိုးဝင်းကိုပေးရန် တောင်းဆိုခဲ့သည့် ပေါက်ကိုယ်တော် စစ်ကောင်စီက လာဖမ်းသွား 

တပ်ချုပ်ရာထူး စိုးဝင်းကိုပေးရန် တောင်းဆိုခဲ့သည့် ပေါက်ကိုယ်တော် စစ်ကောင်စီက လာဖမ်းသွား 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တပ်ချုပ်ရာထူးတင်ရန် ပြောဆိုခဲ့သည့် ပေါက်ကိုယ်တော်ဟုခေါ်သော အရိယဝံသ အမည်ရှိ မဘသဘုန်းကြီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားသည့်သတင်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆)ရက်နေ့က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် ပေါက်ကိုယ်တော်ဆိုသည့် မဘသဘုန်းကြီးက တပ်ချုပ်ရာထူးအား စိုးဝင်းကိုတင်ရန်၊ မင်းအောင်လှိုင်အား ဖယ်ရှားရန်ပြောဆိုခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြန်လွှတ်ပေးရန် မဘသ အသိုင်းအဝိုင်းက တောင်းဆိုနေသည်ကိုတွေ့ရသည်။

ပေါက်ကိုယ်တော် မဘသဘုန်းကြီးနှင့်နီးစပ်သည့် ကျော်ကျော်ထွန်းဆိုသူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ပေါက်ကိုယ်တော် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး သုစိတ္တအမည်ရှိ မဘသ ဘုန်းကြီးက "မင်းတို့အားလုံးသိထားဘို့ ပေါက်ကိုယ်တော်ကိုထိရင် ငါ့ကိုထိတာနဲ့အတူတူပဲ။ မင်းတို့ခဏပါဆိုရင် ကြောက်ကိုနေရတယ်။ အေးမင်းတို့အားလုံးသိထားဘို့က ပေါက်ကိုယ်တော်နဲ့ ငါတို့ကလဲ သေမှာမကြောက်လို့ ပေတစ်ရာလျှောက်ခဲ့သူတွေဆိုတာ မင်းတို့သိဘို့။ ညနေ(၃)နာရီအထိ ငါစောင့်ကြည့်နေတယ်။ (၃)နာရီထိုးလို့မှ ပေါက်ကိုယ်တော်ကို ဆက်သွယ် လို့မရဘူးဆိုရင် မင်းတို့စောင့်နေ ပေါက်ကိုယ်တော်ရှိတဲ့နေရာ ငါပါလိုက်ခဲ့မယ်။”ဟု ရေးသားထားသည်ကို တွေ့ရသည်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသတွင် MNDAA ရဲဘော်တစ်ဦးက စေတီတစ်ဆူကို တူဖြင့် ဖျက်ဆီးနေသည်ကို ဘာသာရေးမှိုင်းတိုက်ရန် ပြုလုပ်နေကြသည့် ဆန့်ကျင်ပွဲများအနက် ပြင်ဦးလွင်မြို့ဆန့်ကျင်ပွဲတွင် ပေါက်ကိုယ်တော်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါစုဝေးပွဲသို့ တက်လာသူများထဲတွင် ဦးသုစိတ္တ၊ ဦပဏ္ဍိတ၊ ပေါက်ကိုယ်တော် အရိယဝံသ စသည့် မဘသ ဘုန်းကြီးများလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency