ကြို့ပင်ကောက်တွင် အုပ်ကြီးနှင့် တော်လှန်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပြီး ချေးငွေလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးသေဆုံး

ကြို့ပင်ကောက်တွင် အုပ်ကြီးနှင့် တော်လှန်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပြီး ချေးငွေလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား တော်လှန်ရေးတပ်များက ပစ်ခတ်ရာ ဒဏ်ရာဖြင့်ထွက်ပြေးပြီး အိမ်အတွင်းရှိ‌နေသည့် ပုဂ္ဂလိကငွေချေးလုပ်ငန်း လုပ်ကိုင်သူ(၂)ဦး သေဆုံးကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ(၄)မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ် အေးမကွင်းကျေးရွာမှ လူငယ်များအား စစ်မှုထမ်းရန် လူစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း ဆိုသူသည် ၎င်း၏နေအိမ်၌ အစည်းအဝေးလုပ်နေကြောင်း သတင်းရ၍ ၂၀၂၄ ခုနှစ် မေလ(၂၁)ရက်နေ့တွင် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)တပ်ခွဲ(၄)မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းကလည်း စစ်ကောင်စီတပ်က ထုတ်ပေးထားသည့် သေနတ်ဖြင့် ပြန်လည်ခုခံရာ အပြန်အလှန်ပစ်ခတ်မှူဖြစ်ပြီး  အုပ်ချုပ်ရေးမှူးသည် ပြင်းထန်ဒဏ်ရာနှင့် ထွက်ပြေးသွားသည်ဟု ဆိုသည်။

ပစ်ခတ်မှုအတွင်း ၎င်း၏ ဇနီးဖြစ်သူ သန်းသန်းနွယ်နှင့် အတူထိုင်နေသည့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းမှ အမျိုးသား(၂)ဦး သေဆုံးကာ နေအိမ်အတွင်းမှ သေနတ်အတို (၁)လက်၊ ကျည် (၁၈)တောင့်၊ လက်ပစ်ဗုံး (၁)လုံး၊ မိုလ်ဘိုင်းဖုန်း (၂)လုံး၊ ငွေသား (၃၁၀,၀၀၀)ကျပ်၊ တံဆိပ်တုံး(၂)ခု၊ မှတ်ပုံတင် (၁)ခုနှင့် စာရွက်စာတန်းတချို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ တော်လှန်ရေးရဲဘော်များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်းနှင့် ပြည်သူများအား အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency