တနင်္သာရီတိုင်း ထားဝယ်မြို့ အခြေစိုက် ခမရ(၂၅) တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံမှ သိရသည်။
ထားဝယ်မြို့ အခြေစိုက် ခမရ (၂၅) တပ်ရင်းမှ တပ်သားကိုဖိုးထွေးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ DNLA ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်သားကိုဖိုးထွေးသည် ၎င်းနှင့်အတူ MA (၁)လက် ၊ ကျည်ဘောက် (၃)ခု ၊ ကျည် (၁၂၀)တောင့် ၊ ဓါးမြှောင် (၁)ချောင်းနှင့် စစ်ယူနီဖောင်း အပြည့်အစုံ ယူဆောင်လာကြောင်း သိရသည်။
အလင်းဝင် တပ်သားကိုဖိုးထွေးအား DNLA မှ မြန်မာကျပ်ငွေ သိန်း (၅၀) ဆုချီးမြှင့်ခဲ့ပြီး ၎င်း၏ ဆန္ဒအလျောက် စစ်ကောင်စီနှင့် ဝေးရာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီထံမှ အလင်းဝင်ရောက်လိုသည့် မည်သူမဆို ကြိုဆိုလျှက်ရှိကြောင်းကိုလည်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က အသိပေးထားသည်။
#TachileikNewsAgency
Photo:DNLA - ဓဝယ်တပ်တော်