အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို လိုက်ဖမ်းသည့် စစ်ကောင်စီကား လဖက်ရည်ဆိုင်ကို ဝင်တိုက်ပြီးနောက် ခြိမ်းခြောက်ပြောဆို

အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်တစ်စီးကို လိုက်ဖမ်းသည့် စစ်ကောင်စီကား လဖက်ရည်ဆိုင်ကို ဝင်တိုက်ပြီးနောက် ခြိမ်းခြောက်ပြောဆို

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် စုံတွဲကို စစ်ကောင်စီတပ်က ကားဖြင့်လိုက်ဖမ်းရာက အရှိန်မထိန်းနိုင်ဘဲ လဖက်ရည်ဆိုင်ကို ဝင်တိုက်မှု ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်က ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ‌

အောင်မြေသာစံမြို့နယ် (၆၂)လမ်း၊ (၁၉)လမ်းမှ လမ်း(၆၀)ဖက်သို့ Fz ဆိုင်ကယ် မောင်းနှင်လာသော စုံတွဲတစ်တွဲအား စစ်ကောင်စီတပ်ကား Dc တစ်စီးဖြင့် အနောက်မှလိုက်လံဖမ်းဆီးရာ စစ်ကောင်စီတပ်ကားမှာ အရှိန်မထိန်းနိုင်ဘဲ ပြည်သူများထိုင်နေသော ဘဝသစ် လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"ဝင်တိုက်ပြီးတော့ ဘယ်ကောင်ဘာပြောချင်လည်း ဘာလုပ်ချင်လဲဆိုပြီး ခြိမ်းခြောက်သွားတယ်။ Fz ဆိုင်ကယ် စီးလာတဲ့ စုံတွဲတစ်တွဲလည်း ဆိုင်ကယ်ထားခဲ့ပြီး လွတ်မြောက်သွားတယ်။ ဘာကြောင့်လိုက်ဖမ်းတာလဲ မသိရဘူး။ အဲဒီလိုမျိုး တောက်လျောက်လိုက်ဖမ်းနေတာ။”ဟု Voice of Mandalay မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

Tachileik News Agency ကတွေ့ရှိခဲ့သည့် မြင်ကွင်းတွင် စစ်ကောင်စီတပ်ကားက ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်များကိုလည်း ကားနှင့်တိုက်ထားပြီး ကားနှင့်တိုက်ခံရခြင်းကြောင့် ဆိုင်အတွင်းရှိ ခုံများ၊ မုန့်အိုးများလည်း ပျက်စီးသွားသည်ကိုတွေ့ ရသည်။

စစ်ကောင်စီတပ်သည် အဆိုပါဖြစ်စဉ်အပေါ် ဆိုင်အား လျော်ကြေးမပေးသည့်အပြင် ခြိမ်းခြောက်ပြောဆိုသွားကာ စုံတွဲစီးလာသည့်ဆိုင်ကယ်ကို ယူဆောင်သွားသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: အာဏာသိမ်းမှု အစောပိုင်းကာလက မန္တလေးတွင် ဆန္ဒပြသည့် ပြည်သူများအား လိုက်လံဖြိုခွင်းနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)